ကမ္ဘောဒီးယားနိုင်ငံ၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်ဆောင်ရွက်
ဖနောင်ပင် မေ ၃
ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပခရီးသွားများအား
မိုးရာသီအတွင်း နိုင်ငံသို့လာရောက်ရန် ဆွဲဆောင် မည့် Green Season Campaign အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
“Visit Cambodia in the
Green Season Campaign 2026” အစီအစဉ်ကို ဖနောင်ပင်တွင် မေ ၂ ရက်က ကျင်းပခဲ့ရာ ၎င်းခရီးသွားလုပ်ငန်း အစီအစဉ်အရ
မိုးရာသီကာလဖြစ်သည့် မေလမှ အောက်တိုဘာလအထိ နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်သည့်
အချိန်ဖြစ် လာရန် ဆောင်ရွက်မည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီး ဟိုဟော့က ပြောကြားသည်။
“မိုးရာသီကာလကို တန်ဖိုးမြင့်မားပြီး ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကာလအဖြစ် ပြောင်းလဲရန်
ရည်ရွယ်ထားပြီး ယင်းကာလအတွင်း ခရီးသွားများသည် နိုင်ငံ၏ စိမ်းလန်းစိုပြည်သည့် ရှုခင်းများနှင့် ယဉ်ကျေးမှုနေရာများကို ခံစားနိုင်မည်ဖြစ်ကြောင်း
၎င်းက ပြောကြားသည်။
ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့်
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအား ခရီးသွားများကို ပိုမို ဆွဲဆောင်နိုင်ရန်အတွက်
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ရန် ၎င်းက ညွှန်ကြားခဲ့သည်။ ခရီးသွားလုပ်ငန်းသည်
နိုင်ငံ့စီးပွားရေးကို အကူအညီပေးနေသည့် လုပ်ငန်းဖြစ်ပြီး ၂၀၂၅ခုနှစ်အတွင်း နိုင်ငံအတွင်းသို့
ခရီးသွားအရေအတွက် ၅ ဒသမ ၅၇ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments