ကချင်ပြည်နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

 



မြစ်ကြီးနား မေ ၅


နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ပြည်နယ်အဆင့် ကမ္ဘာ့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၌ ကျင်းပသည်။


ဦးစွာ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ပြု အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ကြည့်ရှု အားပေး၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အဆင့်မြင့်ပစ္စည်းကိရိယာများ၊ ယာဉ်၊ ယန္တရားများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်အလိုက် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှု အားပေးသည်။


ယင်းနောက် ပြည်နယ်အစိုးရ အဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က“မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မျိုးဆက်တိုင်းကို အကာအကွယ် ပေးနိုင်ရေး ကာကွယ်ဆေးထိုး လုပ်ငန်းများ လွှမ်းခြုံအောင်မြင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများအတွက် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား မှတ်တမ်းဗီဒီယိုနှင့် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ရက်သတ္တပတ်များ အထိမ်းအမှတ် ပြခန်းငယ်ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.