သွေးလှူရှင်အသစ်စုဆောင်းခြင်းနှင့် ရေရှည်သွေးလှူရှင်များ ဖြစ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်းဆိုင်ရာ သင်တန်းကျင်းပ
ရန်ကုန် မေ ၅
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ဖွင့်လှစ်သော Voluntary Blood Donar Recruitment and Retention Training ကို ပထမအကြိမ်အဖြစ် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ လည်းကောင်း၊ဒုတိယအကြိမ် အဖြစ် မေ ၄ ရက်မှ ၆ ရက်အထိ လည်းကောင်း ရန်ကုန်မြို့ရှိ Hotel Royal Vista တွင် ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေးတို့ တက်ရောက် အမှာစကား ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမှ စီမံချက် မြို့နယ် ၁၀ မြို့နယ်ရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များကို သွေးလှူရှင်အသစ် စုဆောင်းခြင်းနှင့် ရေရှည် သွေးလှူရှင်များ ဖြစ်လာစေရန် စည်းရုံး လှုံ့ဆော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်၊ ထိုမှတစ်ဆင့် ဘေးအန္တရာယ် ကင်းရှင်းသောသွေးကို ပုံမှန်ရရှိစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို မြှင့်တင်ပေးခြင်းဖြင့် လူထု၏ကျန်းမာရေး အဆင့်အတန်းကို တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်၍ သင်တန်းကို ကျင်းပခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို ပထမ အကြိမ်အဖြစ် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိကျင်းပရာ စီမံချက် မြို့နယ် ငါးမြို့နယ်ဖြစ်သော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ လှည်းကူး မြို့နယ်၊ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင် ၂၅ ဦး တက်ရောက်ခဲ့ပြီး ဒုတိယအကြိမ် အဖြစ် မေ ၄ ရက်မှ ၆ ရက်အထိ ကျင်းပသည့် သင်တန်းသို့ စီမံချက် မြို့နယ် ငါးမြို့နယ် ဖြစ်သော အင်းစိန်မြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်တို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင် ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments