နတ်မောက်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေး
နတ်မောက် မေ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ
ပေးအပ်ပွဲကို မေ ၁၂ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လူထုအခြေပြုဗဟိုဌာနဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ
ဦးဝင်းနိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လတ်မိုး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ရဲမှူးဇော်မြင့်သူ၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မိုးမိုးသိန်းနှင့်
တာဝန်ရှိသူများက မြို့မအုပ်စုမှဘဏ်ခွဲဝင် တောင်သူ ၄၄ ဦးအား စပါးတစ်ဧကလျှင် ငွေကျပ်
သုံးသိန်း၊ နှမ်းတစ်ဧက လျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်းဖြင့် စပါး ၃၃ ဧက၊ နှမ်း ၁၁၆ ဧက
စုစုပေါင်း ၁၄၉ ဧကအတွက် ချေးငွေပမာဏငွေကျပ် ၃၈ ဒသမ ၉၀ သန်းတို့ကို စတင် ထုတ်ချေးပေးသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား
စပါးဧက ၁၀၀၀၊ အခြားသီးနှံ ဧက ၂၈၅၀၀ စုစုပေါင်းဧက ၂၉၅၀၀ အတွက် ချေးငွေပမာဏငွေကျပ် ၇၄၂၅
သန်း ထုတ်ချေးရန်လျာထားကြောင်း သိရသည်။
လှဝင်း

No comments