၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
နေပြည်တော် မေ ၂၂
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်
အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊
ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ အရာထမ်း/ အမှုထမ်းများနှင့်
သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့၏
ဆောင်ပုဒ်ဖြစ်သော “ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှ စတင် ဆောင်ရွက်စို့
(Acting
Locally for Global Impact)” ဟူသည့် ဆောင်ပုဒ်အရ
ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန် မိမိတို့ရပ်ရွာဒေသမှစ၍
လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်သော ချဉ်းကပ်မှုဖြင့် အခြေပြုစတင်ရမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံအဖြစ်
၁၉၉၅ ခုနှစ်မှစ၍ ပါဝင်ခဲ့ပြီး မြန်မာ့ဒေသရင်းအပင်မျိုးစိတ် ၈၆၄ မျိုး၊ နို့တိုက်သတ္တဝါမျိုးစိတ်
ကိုးမျိုး၊ ငှက်မျိုးစိတ် ၁၀ မျိုးနှင့် တွားသွားသတ္တဝါ မျိုးစိတ် ၂၁ မျိုး တို့ကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း၊
ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေး နယ်မြေ ၆၂ ခုကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင်
ယူနက်စကို လူသားနှင့် ဇီဝအဝန်းနယ်မြေနှစ်ခု၊ ရမ်ဆာရေဝပ်ဒေသခုနစ်ခု၊
အာဆီယံအမွေအနှစ် ဥယျာဉ်ရှစ်ခုနှင့် အရှေ့အာရှ - ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်
ရှစ်ခုတို့ကို သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင်
ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းကို လက်တွေ့နေ့စဉ်လုပ်ဆောင်ချက်များမှ
တစ်ဆင့် ဒေသအဆင့်၊ နိုင်ငံအဆင့် စသည်ဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ
ဆုံးရှုံးရခြင်း၏ အကြောင်းအရင်းများကို လျှော့ချဆောင်ရွက်ခြင်း မပြုလုပ်ပါက လာမည့်
ဆယ်စုနှစ်များအတွင်း မျိုးစိတ်ပေါင်း တစ်သန်းခန့် မျိုးသုဉ်းပျောက်ကွယ်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောများသည်
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအတွက် အခြေခံအကျဆုံးဖြစ်သည့် အပြင်
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်လျှော့ချရေးအတွက်လည်း အလွန်အရေးပါသဖြင့် သစ်တော ဂေဟစနစ်များ၏
အရင်းအမြစ်ဖြစ်သော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝ ထိန်းသိမ်းရေး
နယ်မြေများအား တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကို
အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းသည်
လက်ရှိကာလသာမက အနာဂတ်အတွက် ကတိကဝတ်အဖြစ်သတ်မှတ်၍ အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများပါ ပူးပေါင်းပါဝင်လာစေရန်
လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video clip ကို ပြသပြီး ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့
အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments