ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅) သင်တန်းဆင်းပွဲကျင်းပ



နေပြည်တော် မေ ၂၂

 

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၂၅) ရဲသီဟ တပ်ခွဲ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်စိုးလှိုင်သည်ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူကာ သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးပြီး အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုခြင်းကိုခံယူသည်။

 

ထို့နောက် အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း အိအိဖြူ၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း မင်းခန့်လွင်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အိအိဖြူ၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အိန္ဒြေသူ၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ထက်ထက်မျိုးအောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်စိုးလှိုင်က သင်တန်းဆင်း ဂုဏ်ပြု အမှာစကားပြောကြားသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနား သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် (၂) ရဲဗိုလ်ချုပ်မျိုးမင်းထိုက်နှင့် ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ်၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အဆိုပါ ဒုတိယ ရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၂၅) ရဲသီဟတပ်ခွဲတွင် တပ်ဖွဲ့တွင်းမှ ဘွဲ့ရအမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၁၁၄ ဦး စုစုပေါင်း ၃၆၃ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.