အစိုးရသစ်၏ ရက် (၁၀၀)စီမံကိန်းအဖြစ် ဆောင်ရွက်မည့် နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ် စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနား ကျင်းပ
နေပြည်တော် မေ ၁၄
ကျန်းမာရေးဝန်ကြီးဌာနက အစိုးရသစ်၏ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်မည့် စီမံကိန်း တစ်ခုဖြစ်သည့် နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ်စီမံချက် စတင်ကြောင်း အသိပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ စီမံချက်ဆောင်ရွက်မည့် ဆေးရုံများမှ ပါမောက္ခများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နှလုံးရောဂါ အန္တရာယ် အကဲဖြတ်စနစ် စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ပိုမိုချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေး နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှန်ကျန်း ကရုဏာ ဆေးပညာဆိုင်ရာ သိပ္ပံနှင့် နည်းပညာကုမ္ပဏီ Benefm မှ ဒုတိယ ဥက္ကဋ္ဌ Mr. Hu Cheng က စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး (နှလုံးဆေးကု) ပါမောက္ခ ဒေါက်တာ နွယ်နွယ်က နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ်စီမံချက် အကောင်အထည်ဖော်မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နှလုံးရောဂါ အန္တရာယ် အကဲဖြတ်စနစ် ဆောင်ရွက်ခြင်း ဗီဒီယိုနှင့် လူနာ များတွင် AI ECG တပ်ဆင်ထားသည့် ဝတ်စုံများကို ဝတ်ဆင်၍ နှလုံးရောဂါအန္တရာယ်ကို ဆော့ဖ်ဝဲလ်များဖြင့် အဖြေထုတ်မှုကို ပြသသည်။
မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ်စီမံချက်သည် မြန်မာ–တရုတ် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တစ်ရပ်အဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာ ဆေးရုံတို့တွင် လူဦးရေ တစ်သိန်းကို တစ်နှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း လွှမ်းခြုံဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကာ နှလုံးရောဂါ ဖြစ်နိုင်ခြေများသူများ၊ အားကစားသမားများ၊ လေယာဉ်မောင်းနှင်သူ (Pilot) များ၊ အဝေးပြေးယာဉ်၊ ခရီးသည်တင် ယာဉ်မောင်းများ သက်သောင့်သက်သာ ဝတ်ဆင်နိုင်သော AI ECG တပ်ဆင်ထားသည့် ဝတ်စုံကိုအသုံးပြု၍ မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက်စေဘဲ ၂၄ နာရီပတ်လုံး နှလုံးရောဂါ အန္တရာယ် စစ်ဆေးမှုကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments