ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

 




တောင်ငူ မေ ၃


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူခရိုင်အားကစားကွင်းသို့ ရောက်ရှိပြီး အားကစားကွင်းအင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားသည်။


ထို့နောက် တောင်ငူမြို့ ထီးလှိုင်ပန်းခြံတည်ဆောက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပန်းခြံတည်ဆောက်ခြင်း လုပ်ငန်းအပိုင်း(၁)နှင့် အပိုင်း(၂) လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အများပြည်သူ စိတ်လက်အပန်းဖြေနိုင်ရေး တည်ဆောက်ပေးရခြင်းဖြစ်၍ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ငူမြို့ ကေတုမတီမြို့ဟောင်း မြောက်ဘက် မြို့ရိုး မော်ကွန်းတံခါးပေါက်နှင့် ကျုံးရေပြင်အား ဖြတ်သန်း၍ အရှည်ပေ ၂၁၀ ရှိ ရှေးဟောင်းကျုံးကူး တံတား တည်ဆောက်နိုင်ရေးနှင့် ကျုံးနှင့် မြို့ရိုး အကြား မြေယာအလှရှုခင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်ရန်၊ LandScaping Design များ ခေတ်မီလှပစေရန်နှင့် ကျုံးကူးတံတားဘယ်ညာ ကျုံးဆလန်ချော ဆက်လက်ပြုလုပ်သွားနိုင်ရေးတင်ပြရန် တာဝန်ရှိသူ များအား မှာကြားသည်။


ဆက်လက်၍ တောင်ငူမြို့ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများကို နေ့ချင်းပြီး နိုင်ငံသားစိစစ်ရေးကတ်၊ Unique Identification Number နှင့် Biometric အချက်အလက် ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကွင်းဆင်းကြည့်ရှုအားပေးပြီး လုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးရန် မှာကြားကာ ပြုလုပ်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။



တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.