ဖောင်းလောင်ဆည်ရေသောက် နွေစပါးစိုက်ဧကများအောင်မြင်ဖြစ်ထွန်းရေး ရေအသုံးချသူတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်

 


နေပြည်တော် မေ ၃

 

ဖောင်းလောင်ရေလှောင်တမံသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း တည်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏမှာ ဧကပေ ၁၂၃၀၀ ဖြစ်ကာ ရေလှောင်တမံ၏ စိစစ်ဧရိယာမှာ ၄၄၈ ဧကဖြစ်ပြီး နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေလျက်ရှိသည်။

 

ဖောင်းလောင်ဆည် ရေသောက်ဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးလျာထားဧက ၅၅၀ ဖြစ်ပြီး အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေများကို ဖေဖော်ဝါရီ ၇ ရက် မှစတင်၍ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့် နည်းပါးစွာဖြင့် ဌာနနှင့် တောင်သူများပူးပေါင်းကာ စနစ်တကျစီမံ၍ စိုက်ပျိုးရေပေးဝေလျက်ရှိရာ နွေစပါး လျာထားဧကထက်ကျော်လွန်၍ ၅၈၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဖောင်းလောင်ရေလှောင်တမံ၏ မေ ၃ ရက်နေ့ သိုလှောင်ရေပမာဏမှာ ၅၅၈၇ ဧကပေဖြစ်ပြီး နွေစပါးစိုက်ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်သည်။

 

ဖောင်းလောင်ဆည် ရေသောက်စနစ်အတွင်း နှစ်စဉ် ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးနှင့် ဆည်ရေပေးဝေမှုစနစ်များ ကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တူးမြောင်းအဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မြဲစေရန် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တူးမြောင်းစနစ်များ၊ လယ်ကြားမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့် မြက်ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား ဌာနမှတာဝန်ရှိသူများနှင့် ရေအသုံးချသူ တောင်သူများ ပူးပေါင်း၍ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

TML

No comments

Powered by Blogger.