ဆီထွက်သီးနှံ တိုးတက်စိုက်ပျိုး ပြည်အကျိုး


မင်းမင်း

 

ပဲဆီကြိတ်ဆုံမှ ထွက်ပေါ်လာသည့် သဘာဝပဲဆီ အနံ့မွှေးမွှေးက စားသုံးသူပြည်သူများအား ဝယ်ယူရန် မာကတ်တင်း (Marketing) ဆင်းစရာမလိုအောင် ဆွဲဆောင်ထားသည်။ တစ်ပတ်ပြီးတစ်ပတ် စက်အားဖြင့် လည်ပတ်နေသော ကြိတ်ဆုံမှရရှိသည့် ဆုံဆီက သဘာဝအတိုင်း ထုတ်လုပ်ထားသည့် အတွက် သန့်ရှင်းသည်၊ အရည်အသွေးကောင်းမွန်သည်၊ ကျန်းမာရေးနှင့် ညီညွတ်သည်။

 

နွားလှည့် ဆုံဆီထုတ်လုပ်မှုအစား စက်၏လည်ပတ်အားဖြင့် ဆီထုတ်လုပ်ခြင်းကို ပြောင်းလဲ ထုတ်လုပ် လာကြသော်လည်း သဘာဝအတိုင်း သန့်ရှင်းစွာထုတ်လုပ်ထားသည့်အတွက် ပဲဆီ၏ အရောင်၊ အနံ့၊ အရသာက အရည်အသွေးကောင်းပြီး ကျန်းမာရေးအရ စားသုံးရန် သင့်လျော်သည်။

 

သို့သော် ပြည်တွင်းမှ သဘာဝပဲ၊ နှမ်း၊ နေကြာအပါအဝင် စားသုံးဆီထုတ်လုပ်မှုက ပြည်တွင်း စားသုံးမှုကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်မှုမရှိသေးပေ။ ပြည်တွင်းမှ ထွက်ရှိသည့် ဆီထွက်သီးနှံများကို ဆီအဖြစ် ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့မှု၊ တိုက်ရိုက်စားကုန်များအဖြစ် စားသုံးမှု တို့ကြောင့် ဒေသတွင်းစားသုံးဆီလိုအပ်ချက်များ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ လိုအပ်သည့် စားသုံးဆီ အတွက် ပြည်ပမှ စားသုံးဆီများကို နှစ်စဉ်တင်သွင်းပြီး နိုင်ငံခြားငွေသုံးစွဲနေရသည်။ ပြည်တွင်းမှ ထုတ်လုပ်သည့် ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများသည် အရည်အသွေး ကောင်းမွန်သော်လည်း ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများနှင့် ဈေးနှုန်းအရ ကွာဟမှုရှိသည်။

 

မြန်မာနိုင်ငံတွင် လူတစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးမှု ရှိသည်။ နှစ်စဉ်စားသုံးရန်နှင့် လုပ်ငန်းသုံးအတွက် ဆီလိုအပ်ချက်တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိရာ လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပြည်ပမှ တင်သွင်းနေရသည်။

 

ပြည်ပမှတင်သွင်းသည့် တန်ဖိုးအားဖြင့် သက်သာသော စားအုန်းဆီများကို အားထားသုံးစွဲနေရသည့် အခြေအနေကို ကျော်လွန်နိုင်ရန် ပြည်တွင်းဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်း၊ စားသုံးဆီတိုးချဲ့ ထုတ်လုပ်ခြင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စားသုံးဆီကို စားသုံးသူပြည်သူများ အရည်အသွေး ကောင်းကောင်း၊ သင့်တင့်သောဈေးနှုန်း၊ မှန်ကန်သော အလေးချိန်ဖြင့် အဆင်ပြေစွာ ဝယ်ယူ သုံးစွဲနိုင်ရေး စီမံခြင်းတို့ဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။


 

နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံကို ဆီတင်သွင်းသည့် နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားပြီးဖြစ်သည်။ ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းမှ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအပြင် ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်တင်ပို့နိုင်ရေးကိုပါ ရည်ရွယ်၍ အထွက်ကောင်းပြီး အရည်အသွေးမြင့်မားသော ဆီထွက်သီးနှံ မျိုးသစ်များကို စိုက်ပျိုးစေခြင်း၊ လိုအပ်သည့် စိုက်ပျိုးနည်းပညာနှင့် သွင်းအားစုများ ပံ့ပိုးပေးခြင်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း လေးသွယ်ဖြင့် ဟန်ချက်ညီညီ စနစ်တကျ စိုက်ပျိုးပြီး အထွက်နှုန်းများ တစ်နှစ်ထက်တစ်နှစ် တိုးတက် လာရေးကို အားပေးကူညီဆောင်ရွက်လျက်ရှိသည်။

 

မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ ပဲပုပ်နှင့် ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်တွင်လည်းကောင်း၊ ဆီအုန်းကို တနင်္သာရီ တိုင်းဒေသကြီးတွင်လည်းကောင်း အဓိကစိုက်ပျိုးကြသည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အထူးဇုန်များသတ်မှတ်၍ ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိသည်။

 

ဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင် ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင်ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။ မြေပဲ တစ်ဧကလျှင် တင်း ၇ဝ၊ နှမ်း တစ်ဧကလျှင် တင်း ၂ဝ နှင့် နေကြာ တစ်ဧကလျှင် တင်း ၅ဝ ထွက်ရှိရန် ပန်းတိုင်ထားသည်။

 

လက်ရှိ အထွက်နှုန်းအတိုင်း ဆီထုတ်လုပ် မည်ဆိုလျှင် စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်။ ဆီထွက်သီးနှံများ စိုက်ဧကမှာ (ဆီအုန်းစိုက်ခင်းမပါ) စိုက်ဧက ရှစ်သန်းရှိသည်။ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ စားသုံးဆီ ဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး လိုအပ်ချက်၏ နှစ်ဆခွဲခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ပြည်ပမှ ဆီတင်သွင်းရမှုလည်း လျော့ကျ သွားမည်ဖြစ်သည်။

 

ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာ ရှင်များက ဒေသနှင့်သင့်တော်သော စိုက်နည်းစနစ်နှင့် နည်းပညာများကို အနီးကပ်ကြီးကြပ်ခြင်းဖြင့် ပန်းတိုင် အထွက်နှုန်း ပြည့်မီရရှိစေရန် တောင်သူများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို တောင်သူများထံ စဉ်ဆက်မပြတ် မျှဝေပေးလျက် ရှိသည်။

 

ထိုသို့ နည်းပညာမျှဝေခြင်း အစီအစဉ်များအပြင် နိုင်ငံတော်က ဆီထွက်သီးနှံစိုက် တောင်သူများကို မြေပဲတစ်ဧကလျှင် ငွေကျပ်သုံးသိန်း၊ နေကြာတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့် နှမ်းတစ်ဧက လျှင် ငွေကျပ်တစ်သိန်းခွဲနှင့်ညီမျှသော သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

 

စားသုံးဆီ၏ အရည်အသွေးသည် ဆီစားသုံးသူ ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ များနှင့် ဆက်နွှယ်အရေးပါနေသည့်အတွက် စားသုံးဆီ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် ဆီထွက်သီးနှံ စိုက်ပျိုးခြင်း၊ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်း၊ စက်ကြိတ်ခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း စသည့် ကွင်းဆက်တစ်လျှောက်လုံး အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ ဆောင်ရွက် ချက်များကို စနစ်တကျ လုပ်ဆောင်သွားကြရမည်ဖြစ်သည်။

 

ထို့ကြောင့် ပြည်တွင်းစားသုံးဆီကို သန့်ရှင်းစွာ၊ အရည်အသွေးကောင်းမွန်စွာ၊ ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ဆီထွက် သီးနှံ စိုက်ပျိုးခြင်းမှသည် စားသုံးဆီအဖြစ် စားသုံး သူပြည်သူများ လက်ဝယ်ရောက်ရှိသည်အထိ ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ ပြည်တွင်းစားသုံးဆီကဏ္ဍသည် ပြည်သူ့ကျန်းမာရေး၊ နိုင်ငံတော်၏ စီးပွားရေးတို့နှင့် ဆက်နွှယ်နေသည့်အတွက် အရည်အသွေးကောင်းသည့် စားသုံးဆီ တိုးတက်စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 

No comments

Powered by Blogger.