မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ရောက်ရှိ

 




နေပြည်တော် မေ ၁၂


တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင် လျက်ရှိသည့် ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)များကို ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ပြီး ပြည်သူလူထုအတွက်အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်း များအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား  ဆက်သွယ် ရေးလမ်းကြောင်းတစ်လျှောက်ကို မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။



မြန်မာနိုင်ငံ၏ မြောက်ပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံအဆောက် အအုံတစ်ခုဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အထိ ဆက်သွယ်ထားသည့် မန္တလေး- မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်-မော်လူး-နန့်စီးအောင်- မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား အကြမ်းဖက် သောင်းကျန်းသူများက ယာယီစိုးမိုးပိတ်ဆို့ထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်း များ ရှားပါးလာခြင်း၊ ဆေးဝါးနှင့် အရေးပေါ်သုံး ပစ္စည်းများ လုံလောက်စွာ မရရှိတော့ခြင်း၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များအား အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်းများ ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက် ကုန်ကြမ်းများ ပြတ်လပ်ပြီး ကုန်ချောထုတ်လုပ်မှုတွင် အခက်အခဲများဖြစ်ပေါ်ကာကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ပစ္စည်းများလည်း ဈေးကွက်သို့ မရောက်ရှိတော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။


လက်ရှိတွင် အဆိုပါ ဆက်သွယ်ရေး လမ်းကြောင်းအား တပ်မတော က အပြည့်အဝ ပြန်လည်သိမ်းပိုက်၍ တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးနေရာများအား လူအင်အား၊ စက်ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းပြီး အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား အများပြည်သူ ပြန်လည်အသုံးပြု နိုင်ရေးနှင့် ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးတို့အတွက် တပ်မတော်မှ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့ပြင် အဆိုပါလမ်းကြောင်း တစ်လျှောက်ရှိ မြို့၊ ရွာများ၌ အစိုးရ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသများ၌ ပြန်လည် အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေး၊ ကျောင်းဖွင့်ရာသီ အမီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသော လိုအပ်ချက်များကို ပြန်လည် ဖြည့်ဆည်းပေးနိုင်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ သည် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင် လာသော မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းများ တင်ဆောင်ပြီး ကုန်သည်များ လိုက်ပါလာသည့် မော်တော်ယာဉ်များ၊ ဒေသခံခရီး သွား ယာဉ်များနှင့်အတူ မေ ၉ ရက်တွင် မန္တလေးမြို့မှ စတင် ထွက်ခွာခဲ့ကြောင်း သိရသည်။


ဌာနဆိုင်ရာဝန်ထမ်းများသည် ကုန်ပစ္စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့် မြို့၊ ကသာမြို့၊ အင်းတော်မြို့နှင့် မော်လူးမြို့တို့သို့ ရောက်ရှိစဉ် အဆိုပါမြို့များရှိ တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများက လည်းကောင်း၊ ထိုမှတစ်ဆင့် မေ ၁၂ ရက် ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက လည်းကောင်း အိုးစည် ဒိုးပတ်များ၊ အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင် ဝမ်းမြောက်စွာကြိုဆိုခဲ့ကြကြောင်း သိရသည်။


မန္တလေး- မြစ်ကြီးနား လမ်းကြောင်း တစ်လျှောက်ရှိ မြို့ရွာအသီးသီး၌လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများနှင့် တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြား နိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် ဆေးရုံများ ပြန်လည် ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များဖြင့် ပါရှိလာသည့် အခြေခံ စားသောက်ကုန်များနှင့် လူသုံး ကုန်ပစ္စည်းများကို မြို့ရွာအသီးသီး ရှိ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်ဆင့် ထောက်ပံ့ပေးအပ်သွား မည်ဖြစ်သည်။ ထို့အပြင် အဆိုပါ မော်တော်ယာဉ်များနှင့် အတူ ပါရှိလာသည့် ကုန်သည်များ သယ်ဆောင်လာသည့် လူသုံးကုန် ပစ္စည်းများ‌အား လမ်းကြောင်း တစ်လျှောက်ရှိ မြို့/ရွာများအတွင်း ပို့ဆောင် ရောင်းချနိုင်ခဲ့သဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့် ခဲ့မှုများကို လျှော့ချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါ လမ်းကြောင်း တစ်လျှောက်တွင် ခရီးသွား မော်တော်ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရသည်။


ယခုကဲ့သို့ မန္တလေး- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည် ဖွင့်လှစ်နိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ သွားလာနေထိုင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့လာပြီး လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာတော့မည် ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု၏ အကျိုးကျေးဇူးများကို ပြန်လည် ခံစားနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျောင်းသား လူငယ်များ၏ ပညာရေးကဏ္ဍများ လည်း ပြန်လည်ရရှိတော့မည်ဖြစ်သဖြင့် ဝမ်းမြောက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် အဘက်ဘက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် မြို့၊ ရွာများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြမည်ဟု ဝမ်းမြောက်စွာ ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရှိရသည်။


လမ်းတံတားဟူသည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသည့် အခြေခံအဆောက်အအုံများတွင် ပါဝင်ပြီး လမ်းတံတားများ ကောင်းမွန်မှသာ လူနှင့် ကုန်စည်များ သွားလာပို့ဆောင်မှုကို မြန်ဆန်၍ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြု မည်ဖြစ်သည်။ ထို့ပြင် လမ်းတံတားများသည် ကျေးလက်နှင့် မြို့ပြဒေသများကို ဆက်သွယ်ပေးနိုင်သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ရရှိစေမည်ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံရေး အတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သဖြင့် လမ်းနှင့်တံတားများသည် နိုင်ငံတစ်နိုင်ငံ ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အကျိုးသက်ရောက်စေနိုင်သည့် အတွက် မြို့ရွာများနှင့် လမ်း တံတားများကို ဖျက်ဆီးပြီး ပြည်သူ များအား အနိုင်ကျင့်နှိပ်စက်သည့် အကြမ်းဖက်သောင်းကျန်းသူများအား  ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိကြကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ရွာအသီးသီးရှိ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူ လူထုသည် နိုင်ငံတော်၊  တပ်မတော် တို့နှင့်အတူ တစ်သားတည်းရှိနေ မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆက်သွယ်ရေးလမ်း ကြောင်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ဒေသခံများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိခဲ့ရပါသည် -


၁။ ကျွန်မတို့ အခုဒီလမ်းဖွင့်ပွဲ အစီအစဉ်ကတော့ မြစ်ကြီးနားနဲ့ မန္တလေး။ ဒီလမ်းကို မေ ၆ ရက်မှာ ဖွင့်လှစ်လိုက်တယ်ဆိုတာ ကျွန်မတို့ သိရပါတယ်။ မေလ ၆ ရက်နေ့မှာ ဖွင့်လှစ်တဲ့လမ်းကတော့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တပ်မတော်ဌာနဆိုင်ရာ အကုန်လုံး ပူးပေါင်းပြီးမှ ဒီလမ်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ဒီလမ်း ဖွင့်လှစ်ခဲ့တဲ့ အချိန်ကနေစပြီး ယာဉ်တန်းကြီးနဲ့ ဌာနဆိုင်ရာမှာ တာဝန်ထမ်းဆောင်တဲ့၊ ဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေလည်း ပါရှိလာတယ်။ ဒီယာဉ်တန်းကြီးနဲ့အတူ ပါလာတယ်။ စားနပ်ရိက္ခာ၊ ကုန်စည်တွေနဲ့ ထုတ်ကုန်လူသုံး ကုန်ပစ္စည်းတွေလည်းပါခဲ့တယ် ဆိုတာ ကျွန်မတို့ သိခဲ့ရပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ရှောင်နေကြတဲ့ ကိုယ့်ဒေသနဲ့ ရပ်ကျေးနဲ့ စွန့်ခွာပြီးနေတဲ့လူတွေ ရော ဒီကျောင်းမဖွင့်ခင်မှာ ကိုယ့်ကလေးတွေ ပညာသင်ကြား ဖို့အတွက်လည်း ကျွန်မတို့ကို နိုင်ငံတော် အစိုးရကလည်း ပံ့ပိုး ထားပါတယ်။ ဒါကြောင့် ကျွန်မတို့ ကိုယ့်နေရာနဲ့ကိုယ် ပြန်သွားပြီးတော့ အချိန်မီ ကလေးတွေကို ကျောင်းအပ်နိုင်ရန်အတွက် ကျွန်မတို့စီစဉ်ထားပါ တယ်။ ဒါကို ကျွန်မတို့ သိရပါတယ်။ ဒါကြောင့် ကိုယ့်အိုး ကိုယ့်အိမ်ကို၊ ကိုယ့်ဒေသကို ပြန်လည်ရောက်ရှိသွားအောင် ကိုယ့်ဟာကိုယ်သွားပြီးမှ ကလေးတွေ ပညာရေးအတွက်ကိုလည်း နောက်မကျအောင်၊ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်စီစဉ် ပေးနေတယ်ဆိုတာလည်း ကျွန်မတို့ သိရတယ်။ အဲဒါကြောင့် ကိုယ့်နေရာနဲ့ကိုယ် ကိုယ့်ဒေသကို ပြန်သွားဖို့လည်း ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒါကြောင့် ဒီနေ့ကျတော့ ကျွန်မတို့ မြစ်ကြီးနားမှာ ရောက်ရှိလာမှာဖြစ်တဲ့အတွက် ကျွန်မတို့ လာရောက်ကြိုဆို ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းပွင့်သွားတဲ့ အတွက် ကုန်စည်စီးဆင်းမှုတွေကလည်း ကုန်ဈေးနှုန်းတွေ ပုံမှန်ကျဆင်း လာပြီး ကျွန်မတို့ ခရီးသွားလာရေး လှုပ်ရှားမှုကလည်း ပုံမှန်အတိုင်း သွားလာလို့ရတဲ့အတွက် ကျွန်မ တို့ ပြည်သူအနေနဲ့လည်း အထူးပဲ ဝမ်းမြောက်ပါတယ်လို့ ကျွန်မ အနေနဲ့ပြောချင်ပါတယ်။ အထူး ကျေးဇူးတင်ပါတယ်။

 

၂။ အခုလို ယာဉ်တန်းတွေ ဝင်လာတဲ့အတွက် ကုန်စည် ပစ္စည်းတွေလည်း သက်သာလာ တော့မှာပါ။ ပြီးရင် အဘက်ဘက်ကလည်း အားလုံး အဆင်ပြေလာတော့မှာပါ။ ဒီယာဉ်တန်းတွေမှာ ဝန်ထမ်းတွေလည်း ပါလာတာသိရပါတယ်။ ဒီထဲမှာ ကျောင်းသုံးပစ္စည်းတွလည်း ပါလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအတွက် ကျောင်းဖွင့်ရာသီလည်း ရောက်တော့မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေ အနေနဲ့လည်း ကိုယ့်သားသမီးတွေ ပညာတတ်မြောက်နိုင်ရေးအတွက် ကျောင်းထားကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။


၃။ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေသွားတဲ့ အတွက် အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ ကျောင်းသားတွေဟာ ဆိုရင် ကိုယ့်ရွာကိုပြန်ပြီးတော့ အခုလိုမျိုး ကျောင်းတက်ခွင့်ရတဲ့အတွက် ကျွန်မ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလိုမျိုးအကြောင်း အမျိုးမျိုးကြောင့် ကိုယ့်အိမ် ကိုယ့်ပြည်ကို စွန့်ခွာသွားကြ တဲ့သူတွေလည်း အခုကျောင်းဖွင့် ရာသီရောက်လာသည့် နည်းတူ အတူတကွ ကျောင်းလာအပ် ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်မလိုမျိုး ကျောင်းသား ကျောင်းသူတွေလည်း ကျောင်းမှာ ပြန်အပ်နှံဖို့ ကျွန်မတိုက်တွန်း လိုပါတယ်။


သတင်းစဉ်

No comments

Powered by Blogger.