ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီလဝါဆိပ်ကမ်းဒေသ အကွက်အမှတ်(၂၉)ရှိ ခေတ်မီသိုလှောင်ရုံအမှတ်(၁) လုပ်ငန်းစတင်ခြင်း အခမ်းအနားတက်ရောက်

 




ရန်ကုန် မေ ၃၁


ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)၏ ခေတ်မီသိုလှောင်ရုံ အမှတ်(၁) လုပ်ငန်းစတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းဒေသရှိ အကွက်အမှတ်(၂၉)၌ကျင်းပသည်။


အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းများနှင့် သီလဝါရှိ ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူးနှင့် MAGDPL ကုမ္ပဏီဥက္ကဋ္ဌတို့က အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


ယင်းနောက် ခေတ်မီသိုလှောင် ရုံအတွင်းရှိခန်းမတွင် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည့် Transit Tradeနှင့် Transship-ment လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သီလဝါဒေသ ဆိပ်ကမ်းများသည် အဓိက အားကိုးရာနေရာများဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် လီမိတက်(MAGDPL)အနေဖြင့် သီလဝါဆိပ်ကမ်းဒေသ တွင် နိုင်ငံတကာ ကုန်သွယ်မှု အတွက် လိုအပ်သောအခြေခံ အဆောက်အအုံဖြစ်သည့် ခေတ်မီ သိုလှောင်ရုံကြီးကို အောင်မြင်စွာ တည်ဆောက် လည်ပတ်လုပ်ကိုင် နိုင်ပြီဖြစ်သည့်အတွက် ကျန်ရှိသည့် သိုလှောင်ရုံ သုံးလုံးကိုလည်း အဆင့်လိုက် ရင်းနှီးမြှုပ်နှံတည် ဆောက်သွားရန်နှင့် သီလဝါ ဆိပ်ကမ်းဒေသရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။


ထို့နောက် ခေတ်မီသိုလှောင်ရုံ တည်ဆောက်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး သိုလှောင်ရုံ တည်ဆောက်မှုဆိုင်ရာ မှတ်တမ်း Video Clip ကို ရှင်းလင်းတင်ပြ ကြကာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ခေတ်မီသိုလှောင်ရုံ အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်နှင့် အသင်းအဖွဲ့အသီးသီးမှ ပြသထားသည့် ပြခန်းများ၊ ပြည်ပ သို့တင်ပို့မည့် ပြောင်းစေ့များ စုပုံ သိုလှောင်ထားမှုနှင့် ဆက်လက် တည်ဆောက်မည့် သိုလှောင်ရုံ နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ဒေါပုံရုံးခွဲ)သို့ ရောက်ရှိကြပြီး Computer Based Examination (CBE) Centre ကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက CBE စနစ်ကို သတ်မှတ် ထားသည့် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ သင်္ဘောသားများ အနေဖြင့် ပင်လယ်ပြင်တွင် အန္တရာယ်ကင်းရှင်းရေးအတွက် ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်ခြင်းသည် အရေးကြီးသဖြင့် Decision - making ဆိုင်ရာ မေးခွန်းများ ထည့်သွင်းနိုင်ရေး၊ စံပြအဖြေများကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းနိုင်ရေးနှင့် နောင်စာမေးပွဲများတွင် မေးမြန်းနိုင်ရေး၊ မေးခွန်းများကို ခေတ်နှင့် အညီ ပြင်ဆင်မွမ်းမံရေး အထူး အလေးထား ဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.