၂၀၂၆ ခုနှစ် ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း (ချောင်းသာ)ဖွင့်ပွဲအခမ်းအနား ကျင်းပ
ပုသိမ် မေ ၇
၂၀၂၆ ခုနှစ် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် စခန်း(ချောင်းသာ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက အဆိုပါစခန်းများ၌ ကျင်းပသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နယ်မြေခံလေတပ် စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်မယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၆ ခုနှစ် လူရည်ချွန် စခန်း (ငွေဆောင်)မုခ်ဦးကို ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က အမှာစကားပြောကြား၍ လူရည်ချွန် မောင်မယ်များအား ရင်ထိုးတံဆိပ်များ ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် လူရည်ချွန်စခန်း (ငွေဆောင်) စခန်းမှူးနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ ငွေဆောင်လူရည်ချွန် စခန်းမှူးက လူရည်ချွန်စခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းသား ကျောင်းသူများ၏ ကရင်ဒုံးယိမ်း အကနှင့် လူရည်ချွန် မောင်မယ်များ၏ “ဇာတိမာန်” သီချင်းဖြင့် သီဆို ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် လူရည်ချွန်စခန်း (ချောင်းသာ)ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်၍ လူရည်ချွန် စခန်း (ချောင်းသာ)မုခ်ဦးကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေး အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားပြီး လူရည်ချွန် စခန်း(ချောင်းသာ) စခန်းမှူးက လူရည်ချွန်စခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် လူရည်ချွန် မောင်မယ်များအား ရင်ထိုး တံဆိပ်များ ချီးမြှင့်အပ်နှင်းပြီး လူရည်ချွန် မောင်မယ်များနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်၍ ပုသိမ် တက္ကသိုလ် ကျောင်းသူလေးများ၏ “မမပုသိမ်သူ” သီချင်းဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ လူရည်ချွန်မောင်မယ် များအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင် လူရည်ချွန်စခန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဧကာဒသမတန်း လူရည်ချွန် မောင်မယ် ၁၃၃ ဦး၊ ချောင်းသာ လူရည်ချွန်စခန်းတွင် အဆင့်မြင့် ပညာအဆင့် လူရည်ချွန်မောင်မယ် ၂၉၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမများသည် မေ ၆ ရက်မှ ၁၀ ရက်အထိ ယာယီစခန်းချ နေထိုင်သွားမည်ဖြစ်သည်။
ညနေပိုင်း အားလပ်ချိန်များတွင် ငွေဆောင်လူရည်ချွန် အပန်းဖြေစခန်း၌ လူရည်ချွန် မောင်မယ်များက ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်လက် အပန်းပြေစေရေးအတွက် ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း ကစားနည်းများ၊ ရေကူးကစားခြင်းများကို ကြီးကြပ် ဆရာ ဆရာမများ ဦးဆောင်၍ တာဝန်ရှိသူများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ဒေသန္တရဗဟုသုတများ ရရှိစေရန် ပုသိမ်မြို့ ငွေဆောင်ဒေသနှင့် အနီးဝန်းကျင်ရှိ လူမှုဘဝများ၊ ငါး၊ ပုစွန်ထုတ်လုပ်ရေး လုပ်ငန်းများ၊ ရိုးရာလက်မှုပညာ လုပ်ငန်းများနှင့် အထင်ကရ နေရာများကို လေ့လာနိုင်ရေး စီစဉ်ထားရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments