စိုက်ပျိုးမြေများအတွက် အရေးပါသော သစ်စိမ်းမြေဩဇာများ
မေဖြိုးဝေ(YAU)
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို
ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရပြီး အကျိုးဆက် အနေဖြင့်
မြေဆီလွှာပျက်စီးဆုံးရှံးမှုများ ဖြစ်ပေါ်ကာ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလည်း
ကျဆင်းလာပါသည်။ ယနေ့ခေတ်တွင် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ဓာတ်မြေ
ဩဇာအပေါ် အလွန်အကျွံမှီခိုအသုံးပြုမှုကို လျှော့ချရန် သဘာဝမြေဩဇာကို
အစားထိုးအသုံးပြု လာကြပါသည်။
သဘာဝမြေဩဇာ
အထူးသဖြင့် သစ်စိမ်းမြေဩဇာက မြေဆီလွာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကိုကောင်းမွန်စေပြီး
မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝသက်ရှိများ၏ လှုပ်ရှားမှုကိုလည်း
တိုးတက်လာစေပါသည်။ ထို့အပြင် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို
သဘာဝနည်းလမ်းဖြင့် ဖြည်းဖြည်းချင်း ထောက်ပံ့ပေးနိုင်သောကြောင့်
ရေရှည်စိုက်ပျိုးရေးအတွက် အကျိုးရှိ စေပါသည်။
သစ်စိမ်းမြေဩဇာဆိုသည်မှာ
အပင်ကြီးထွားဆဲအခြေအနေတွင် ရိတ်သိမ်းပြီး စိုက်ပျိုးမြေအတွင်းသို့
ထည့်သွင်းပေးခြင်း သို့မဟုတ် အစိမ်းရောင်ရှိနေဆဲအပင်များကို စိုက်ပျိုးမြေအတွင်း
ထယ်ထိုးမြှုပ်နှံ၍ ထည့်သွင်းခြင်းပင်ဖြစ်သည်။ အဆိုပါနည်းကို တရုတ်နိုင်ငံတွင်
နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပြီး ၁၉၇၀ ပြည့်လွန်နှစ် ကာလများက ဧက ၁၀ သန်းအထိ
စိုက်ပျိုးဆောင်ရွက်ခဲ့ပါသည်။
သစ်စိမ်းမြေဩဇာအဖြစ်
အသုံးပြုသော အပင်များသည် အမြစ်နက်နက်ဆင်းရန် လိုအပ်သည်။ သို့မှသာ
မြေဆီလွှာ၏အောက်ပိုင်းတွင်ရှိနေသော အာဟာရဓာတ်များကို စုပ်ယူနိုင်မည်ဖြစ်ပြီး
အစာနှင့် ရေလိုအပ်မှုလည်း နည်းရမည်။ အပင်လျင်မြန်စွာ ကြီးထွားပြီး ပင်ပိုင်းအလေးချိန်များများ
ရရှိရမည်။ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သော သီးနှံပင်အမျိုးအစားများတွင်
ချေဖျက်ရန်ခက်ခဲသော အမျှင်ဓာတ်များ ပါဝင်မှုနည်းမှသာလျှင်
လျင်မြန်စွာဆွေးမြည့်နိုင်မည်။ လေထုထဲမှ နိုက်ထရိုဂျင်ကို
ဖမ်းယူပေးနိုင်မှုမြင့်ရမည်။ အဓိက အရေးအကြီးဆုံးမှာ မိမိရေမြေဒေသနှင့်
သင့်တော်သော၊ ပေါက်ရောက်နိုင်သော အပင်ဖြစ်ရန် လိုအပ်ပါသည်။
နိုက်ထရိုဂျင်ကို
ဖမ်းယူပေးနိုင်သော ဗက်တီးရီးယားများက သစ်စိမ်းမြေသြဇာပင်များ၏ ပင်စည်နှင့် အမြစ်များတွင်
ပါရှိနေတတ်ပြီး သစ်စိမ်းမြေသြဇာကို အသုံးပြုမည်ဆိုပါက သီးနှံပင်လိုအပ်သော
နိုက်ထရိုဂျင်ပမာဏကို ကာလတိုအတွင်း ရရှိစေနိုင်သည်။ အဓိကအားဖြင့်
သစ်စိမ်းမြေဩဇာကို မြေဆီလွှာအတွင်း ထည့်သွင်းပေးခြင်းဖြင့်
မြေဆီဩဇာထက်သန်စေနိုင်သော အာဟာရ ပြည့်ဝသော သစ်ဆွေး ဓာတ်ကိုရရှိနိုင်ပြီး စိုက်ပျိုးသီးနှံပင်များအတွက်
လိုအပ်သော နိုက်ထရိုဂျင် ဓာတ်ကို ဖြည့်တင်းပေးနိုင်ခြင်းပင်ဖြစ်သည်။ သစ်စိမ်းမြေဩဇာများအဖြစ်
ပဲမျိုးရင်းဝင်အပင်များ ဖြစ်သည့် ပဲအမျိုးမျိုး၊ ပိုက်ဆံလျှော်၊ ညံပင်၊
မြေပြန့်ချယ်ရီ၊ ဘောစကိုင်း၊ ဒန့်ကျွဲ စသည်တို့ကို အသုံးပြုနိုင်သည်။
ပိုက်ဆံလျှော်ပင်
ပိုက်ဆံလျှော်ပင်သည်
ဆွေးမြည့်လွယ်ခြင်း၊ သက်တမ်းတိုခြင်း၊ စိုက်ပျိုးရာတွင် အထူးတလည် မြေပြင်ရန်
မလိုအပ်ခြင်း၊ ပေါင်းနှိမ်နင်း နိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုကို သက်သာစေခြင်း၊
မြစ်ဖု ရောဂါ ဖြစ်စေသော နီမတုတ်များကို နှိမ်နင်းပေးခြင်း စသည့်အကျိုးများရရှိ
စေသည့်အတွက် တောင်သူများ အများအပြား စိုက်ပျိုးလျက်ရှိသည်။
နေကြာရိုင်း
နေကြာရိုင်းသည်
ချုံပုတ်ပင်အမျိုးအစားဖြစ်ပြီး ပေါက်ရောက်လွယ်သော အပင်ဖြစ်သည်။ မြေအမျိုးအစား
အများအပြားတွင် ပေါက်ရောက်နိုင်သည်။ အမြင့် (၅၅၀-၁၉၅၀) မီတာ၊ ပျမ်းမျှအပူချိန်
၁၅-၃၁ စင်တီဂရိတ်၊ ပျမ်းမျှမိုးရေချိန် ၁၀၀ -၂၀၀၀ မီလီမီတာအတွင်း
စိုက်ပျိုးနိုင်သည်။ အပင်ကြီးထွားမှု လျင်မြန်ခြင်း၊ နေရာဒေသမရွေး
ပေါက်ရောက်နိုင်ခြင်း၊ ပင်ပိုင်းအလေးချိန် ပမာဏ များခြင်းတို့ကြောင့်
မြေဆီလွှာအာဟာရ ထက်သန်စေရေးအတွက် အသုံးပြုသည်။ အစေ့ သို့မဟုတ် ကိုင်းဖြတ်ဖြင့်
တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။
ဘောစကိုင်း
ဘောစကိုင်းကို ၁၉
ရာစု အလယ်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံတွင် အများအပြားစိုက်ပျိုးခဲ့သည်။
ကြီးထွားမှုလျင်မြန်ခြင်းကြောင့် လက်ဖက်၊ ကော်ဖီနှင့် ကိုကိုးသီးနှံများ
စိုက်ပျိုးရာတွင် အရိပ်ရအပင်နှင့် သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးကြသည်။
ဘောစကိုင်းပင်၏ အရိပ်သည် စိုက်ပျိုးထားသောသီးနှံ၏ ကြီးထွားမှုကို
ထိခိုက်နိုင်ခြင်းမရှိပါ။ ထို့အပြင် တိရစ္ဆာန်အစာအဖြစ် အသုံးပြုမည်ဆိုပါက
အာဟာရဓာတ်များစွာပါဝင်သည်။ အကိုင်းအခက်များအား စွမ်းအင် ရရှိရေးအတွက်လည်း
အသုံးပြုနိုင်သည်။
ဘောစကိုင်းပင်သည် မြေဆီသြဇာထက်သန်မှုကို ဖြစ်စေသည်။ တောင်စောင်းဒေသများတွင် မြေဆီလွှာ ရေတိုက်စားခံရမှု သက်သာစေရန်သော်လည်းကောင်း၊ အပူပိုင်းဒေသများတွင် လေတိုက်စားခြင်းမှ ကာကွယ်ရန်သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ ခြောက်သွေ့ခြင်းကို ခံနိုင်ရည်ရှိသည်။ အမြစ်ရှည်လျားစွာဆင်းနိုင်သဖြင့် မြေအောက်လွှာတွင်ရှိသော အစာနှင့်ရေကို စုပ်ယူနိုင်စွမ်းရှိသည်။ ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။
မြေပြန့်ချယ်ရီ
မြေပြန့်ချယ်ရီသည်
ပဲမျိုးနွယ်ဖြစ်ပြီး အပင်အမြင့်မှာ ၁၀ မီတာ အထိရောက် ရှိနိုင်ကာ အရွယ်အစားမှာ
စိုက်ပျိုးသည့်ပတ်ဝန်းကျင် ရာသီဥတုအရ ပုံမှန်ကိုင်းဖြတ်ပေးသည့် အခြေအနေပေါ်မူတည်၍
၁၅ မီတာထိ ကြီးထွားနိုင်ပါသည်။ နိုက်ထရိုဂျင် ဖမ်းယူနိုင်မှုကောင်းပြီး
ပုံမှန်အားဖြင့် စိုက်ပြီး သုံးလအတွင်း ရိုက်ဇိုဘီယမ်အဖုများ ဖြစ်ပွားသည်ကို
တွေ့ရပါသည်။ မူရင်းဒေသဖြစ်သော မက္ကဆီကိုနှင့် အမေရိကအလယ်ပိုင်းတို့တွင်
ကော်ဖီနှင့်ကိုကိုးပင်များအတွက် အရိပ်ရပင်အဖြစ် စိုက်ပျိုးခဲ့ကြသည်။
အာရှနိုင်ငံများသို့ ၁၆၀၀ ပြည့်နှစ်ခန့်မှစ၍ ကော်ဖီနှင့် လက်ဖက် အရိပ်ရပင်အဖြစ်
စိုက်ပျိုးရန် တင်သွင်းလာခဲ့သည်။ အပူပိုင်းဒေသတွင် စိုက်ပျိုးနိုင်ပြီး
ကြီးထွားမှုလျင်မြန်သော အပင်ကြီးမျိုး ဖြစ်သည်။
အမြစ်များတွင်
မြစ်ဖုများ ဖြစ်ပေါ်မှုရှိပြီး လေထုထဲမှ နိုက်ထရိုဂျင် ကို ဖမ်းယူနိုင်သည်။
မြေချဉ်ငန်ကိန်း (pH) (၄.၅ မှ ၆.၅) အတွင်း
စိုက်ပျိုးနိုင်သည်။ မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးနိုင်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀ မီတာ မြင့်သောဒေသများတွင် အရွက်အထွက်နှုန်းကောင်းကို
ရရှိသည်။ အစေ့မှသော်လည်းကောင်း၊ အကိုင်းဖြတ်၍သော်လည်းကောင်း မျိုးပွားနိုင်သည်။
သစ်စိမ်း မြေသြဇာအဖြစ် အသုံးပြုမည်ဆိုပါက အပိုင်းအစသေးများအဖြစ်သို့
ဖြတ်တောက်ပေးရမည်။
သစ်စိမ်းမြေသြဇာများကို
ထည့်သွင်းပြီးနောက် ဆွေးမြည့်စေရန် သီးနှံမစိုက်ပျိုးမီထားရသော အချိန်သည်
ထည့်သွင်းသော သစ်စိမ်းမြေသြဇာအမျိုးအစားနှင့် ရာသီဥတုအပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။
ပူနွေးစိုစွတ်သောရာသီဥတုတွင် ဆွေးမြည့်မှုလျင်မြန်မည်ဖြစ်သည်။ အချို့သော
စိမ်းစိုနူးညံ့သည့်အပင်များအတွက်မူ ထည့်သွင်း၍ ထယ်မွှေပြီးသည်နှင့်တစ်ပြိုင်နက်
သီးနှံများကို စိုက်ပျိုးနိုင်သည်။ အတော်အတန်မာသော အပင်များအတွက်မူ ဆွေးမြည့်စေရန်
လုံလောက်သော အချိန်လိုအပ်ပါသည်။ ထို့အပြင် စပါးကဲ့သို့ ရေလွှမ်းစိုက်ပျိုးရသော
အပင်များအတွက် စောင့်ဆိုင်းရ ချိန်သည် ပြောင်းနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့
ရေလွှမ်းခြင်းမရှိဘဲ စိုက်ပျိုးသော သီးနှံ များအတွက် စောင့်ဆိုင်းရချိန်
ကွာခြားမှုရှိနိုင်ပါသည်။
သစ်စိမ်းမြေသြဇာများက
သီးနှံပင်များအတွက် လိုအပ်သော နိုက်ထရိုဂျင်ကို အချိန်တိုအတွင်း ရရှိစေနိုင်ခြင်း၊
မြေယာပြုပြင်ရန် အထူးတလည် မလိုအပ်ခြင်းစသည့် အားသာချက်များရှိပါသည်။ သို့သော်
စိုက်ပျိုးရန်အတွက် လုံလောက်သော အချိန်လိုအပ်ခြင်း၊ မြေ၊ ရေ စသည့်
အရင်းအမြစ်များကို အသုံးပြုရခြင်း၊ အထူးသဖြင့် မျိုးအလွယ် တကူဝယ်ယူ၍
မရရှိနိုင်ခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းစသည့် အခက်အခဲများ ရှိနေသည်။ ထို့အပြင်
အပင်ကောင်းစွာပေါက်ရောက်ရန်နှင့် ဆွေးမြည့်စေရန်အတွက် အစိုဓာတ်လိုအပ်သည်။
ရေသွင်းစိုက်ပျိုးနိုင်သောနေရာများ၊ ဓာတ်မြေသြဇာ အလွယ်တကူ ဝယ်ယူထည့်သွင်း
ပေးနိုင်သောနေရာများတွင်မူ သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းက စီးပွားရေး တွက်ခြေ မကိုက်ဘဲ
ရှိနိုင်သည်။ အချို့သော အင်းဆက်ပိုးမွှားများနှင့် နီမတုတ်များအတွက်
ခိုအောင်းရာနေရာ ဖြစ်စေနိုင်ပါသည်။
သစ်စိမ်းမြေသြဇာများထည့်သွင်းခြင်းဖြင့်
အာဟာရများရေနှင့်အတူ ဆုံးရှုံးမှုများကို ကာကွယ်နိုင်ပြီး နိုက်ထရိုဂျင်အား
တဖြည်းဖြည်း ထုတ်လွှတ်ပေးသဖြင့် သီးနှံပင်၏ လိုအပ်ချက်နှင့် ကိုက်ညီစေသည်။
အမြစ်နက်နက်ဆင်းနိုင်သဖြင့် မြေအောက်လွှာတွင်ရှိသော အာဟာရများကို စုပ်ယူပြီး
အပေါ်ယံလွှာသို့ ရောက်ရှိစေသည်။ သီးနှံပင်အတွက် ထည့်သွင်းပေးလိုက်သော အာဟာရများကို
စုပ်ယူထားသဖြင့် ရေနှင့် စီးဆင်းပျောက်ဆုံးခြင်းမှ ကာကွယ်နိုင်သည်။
မြေသားတည်ဆောက်မှု
ကောင်းမွန်စေသည်။ ရေထိန်းစွမ်းအား ကောင်းမွန်စေသည်။ ရေစိမ့်ဝင်မှု အားကောင်း စေသည်။
တိုက်စားမှုကို လျှော့ချပေးနိုင်သည်။ သစ်စိမ်းမြေဩဇာအပင်များကို
စိုက်ပျိုးအသုံးပြုခြင်းသည် စိုက်ပျိုးမြေများ၏ အရည်အသွေးကို ရေရှည်ထိန်းသိမ်း၍
ထုတ်လုပ် နိုင်စွမ်းအား တည်တံ့စေမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ ။
No comments