တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ကလောမြို့ရှိ နယ်မြေခံ သင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့်
သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌
တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယ
ဗိုလ်ချုပ်ကြီးထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊
စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ နှင့် သင်တန်းသားအရာရှိကြီးများ
တက်ရောက်ကြသည်။
ခေါင်းဆောင်မှုသည် အရေးကြီးပြီး ခေါင်းဆောင်မှု အင်္ဂါရပ်နှင့် ပြည့်စုံနေရန်လို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမှာစကားပြောကြားရာတွင် တပ်ဌာနချုပ်၏ တပ်တည် ဆောက်ရေးလုပ်ငန်းတွင်ဖြစ်စေ၊
လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရာတွင်ဖြစ်စေ ဦးစီး ဦးဆောင်ပေးရသော
တပ်မှူးများအပေါ်မူတည်၍ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တပ်စိတ်၊ တပ်စု၊
တပ်ခွဲအဆင့်တိုင်းတွင် ဦးစီးဦးဆောင်ပေးရသော ခေါင်းဆောင်အပေါ်မူတည်၍ အရည်အသွေးနှင့်
စွမ်းဆောင်မှုကွာခြားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှုသည်
အရေးကြီးပြီး ခေါင်းဆောင်မှုအင်္ဂါရပ်နှင့် ပြည့်စုံနေရန်လိုကြောင်း၊ ထို့အပြင် ခေါင်းဆောင်သည်
စည်းရုံးရေးမှူးကောင်းတစ်ယောက်ဖြစ်ရန်လိုပြီး မိမိလက်အောက်မှ ယုံကြည်မှု အပြည့်ဖြင့်
လိုက်ပါလာအောင် စွမ်းဆောင်နိုင်ရန်လိုကြောင်း။
တပ်မှူးများသည်
အုပ်ချုပ်ရေးအပိုင်းမှ လူမှုရေးကဏ္ဍများတွင် ဖခင်စိတ်ဓာတ်၊ ညီအစ်ကို စိတ်ဓာတ်ဖြင့်
ဆောင်ရွက်ရန်လိုသော်လည်း လုံခြုံရေးနှင့် စစ်ဆင်ရေးအပိုင်းများတွင် Commander စိတ်ဓာတ်ဖြင့် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမည်ဖြစ်၍
မှန်ကန်စွာပိုင်းခြားတတ်ရန်လိုကြောင်း၊ အဓိကကျသော ခေါင်းဆောင်များ၊ အရာရှိများက
တပ်များကိုမှန်ကန်စွာ ဦးဆောင်မှုပေးပါက တပ်တွင်း စည်းလုံးညီညွတ်မှု တိုးတက်လာမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးနှင့်
ပတ်သက်၍ တပ်မှူးများသည် တရားစီရင်ခွင့်အခွင့်အာဏာရှိသူများဖြစ်၍ စစ်ဘက်
တရားစီရင်မှုအပိုင်းကို မှန်ကန်သောဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊
အရာရှိများနှင့် ပတ်သက်၍ Commander အဆင့်ဆင့်က ထိန်းသိမ်းပေးရန်လိုပြီး ညီအစ်ကိုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပေးရန်လိုကြောင်း၊
Guardian
စနစ်၊ စိတ်ဓာတ်ဖြင့် အထက်အောက်ထိန်းသိမ်းမှုဖြင့်
သွားရမည်ဖြစ်ပြီး ကောင်းမွန်သော အစဉ်အလာကောင်းများဖြင့် ကြပ်မတ်ကွပ်ကဲခြင်းဖြင့်
စည်းလုံးညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဦး၊ ရေး၊ ထောက်လုပ်ငန်းများကို Check၊ Recheck၊ Counter Check
ဖြင့် လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းလစ်ဟင်းမှုမရှိစေဘဲ
တပ်များ၏ စွမ်းရည် တိုးတက်လာမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးစွမ်းရည်
ကျဆင်းလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များပါ ကျဆင်းပြီး
စည်းကမ်းမရှိလျှင် စည်းရုံးရေးလည်း ကျဆင်းနိုင်၍ အုပ်ချုပ်ရေးစွမ်းရည်တွင်
ပါဝင်သည့် စစ်စည်းကမ်း လိုက်နာမှုအပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းများတွင်
ခေါင်းဆောင်များက သေချာစွာ ကြပ်မတ်ပေးရန်လိုကြောင်း။
ခေါင်းဆောင်ကောင်းများဖြစ်ရန်
အတွေးအခေါ်ကောင်းမွန်ရမည်ဖြစ်ပြီး အတွေးအခေါ်ကောင်းမွန်ရန် အသိပညာ၊ အတတ်ပညာပြည့်ဝ၍
ဖတ်ရှုလေ့လာမှုကို မပြတ်ပြုလုပ်နေရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရန်လိုပြီး
သဘောထားပြည့်ဝစွာဖြင့် မြော်မြင်ဆုံးဖြတ်တတ်ရန်လိုကြောင်း၊ ခေါင်းဆောင်တစ်ဦးအနေဖြင့်
လက်အောက်ကို အမြဲတမ်းကြည့်ရှု၍ ဆုံးမပဲ့ပြင်ပြောကြားပေးနေရန် လိုကြောင်း။
ကောင်းစွာအုပ်ချုပ်ကွပ်ကဲ တတ်ရန်လည်း လိုအပ်
ခေါင်းဆောင်မှုနှင့်
ပတ်သက်ပါက တပ်မှူးအသီးသီးသည် မှန်ကန်သည့် ဦးဆောင်မှုနှင့် လုပ်ဆောင်ပါက လက်အောက်ငယ်သားများက
တပ်မှူးအပေါ် ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ အခြေခံ ဖြစ်သည့် တပ်ရင်း/တပ်ဖွဲ့မှူးများ
ခေါင်းဆောင်မှုကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစုဝင်များက ယုံကြည်မှုရှိ၍
လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊
တပ်မှူးတစ်ဦးသည် တစ်ဖက်တွင် စစ်တိုက်သည့်တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သော်လည်း
စစ်တိုက်တတ်ရုံဖြင့် မပြီးသေးဘဲ တပ်ကို ကောင်းစွာအုပ်ချုပ်ကွပ်ကဲတတ်ရန်လည်း
လိုအပ်ကြောင်း၊ အဓိက ကျသည်မှာ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူများ အနေဖြင့်
လက်အောက်၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့နှင့်
ထိတွေ့မှုများစွာ ရှိရမည် ဖြစ်ကြောင်း၊ ထိုသို့ထိတွေ့မှုများပြုလုပ်ခြင်းသည်
စစ်သည်များ စိတ်ဓာတ်မြင့်မားရေးနှင့် တပ်အင်အား တောင့်တင်း ခိုင်မာရေးအတွက်
လုပ်ဆောင်ရမည့်အချက်ပင် ဖြစ်ကြောင်း။
တပ်မှူး၊
အရာရှိကြီးများသည် တပ်မိသားစုနှင့်ထိတွေ့ရန် လိုသကဲ့သို့ ပြည်သူလူထုနှင့်လည်း
အပြုသဘောဆောင်သည့် ထိတွေ့မှုရှိရန်လိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲ
များသည် မိမိတပ်မိသားစုများနှင့် ထိတွေ့မှုများပင်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်
လုပ်ဆောင်ရန် လိုကြောင်း။
တပ်မှူးများအနေဖြင့်
မိမိတပ်ရှိ အရာရှိ၊ စစ်သည်များ ပြည်သူအပေါ် ထိတွေ့ဆက်ဆံရာတွင် ပြည်သူလူထု၏
အထင်အမြင်လွဲမှားစေနိုင်သည့် ကိစ္စရပ်များမဖြစ်အောင် ထိန်းသိမ်းကြပ်မတ်သွားရန် လိုကြောင်း၊
ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်
အချက်များနှင့် ပြည်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) ပါးနှင့်အညီ
ပြုမူဆက်ဆံရန် အလေးထားမှာကြား လိုကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိကိုယ်ကို
ယုံကြည်မှုရှိအောင်လုပ်ရန်၊ စွမ်းရည်ရှိအောင် လုပ်ရန်၊ လက်အောက်မှ မိမိအပေါ်ယုံကြည်မှုရှိအောင်
လုပ်ဆောင်ရန်နှင့် မိမိတပ်မတော်အပေါ် ယုံကြည်မှုရှိအောင် လုပ်ဆောင်ရန်လိုကြောင်း၊
တပ်မှူးများအနေဖြင့် မိမိတို့၏ခေါင်းဆောင်မှု အောက်တွင် လက်အောက်မှ အားလုံးကို
လိုက်ပါဆောင်ရွက်လာစေရေးအတွက် အုပ်ချုပ်မှု ညီညွတ်မျှတအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
Commander
သည် အမုန်းခံရမည်၊ ပြောစရာရှိ က ပြောရမည်၊ အရေးယူစရာရှိက
ယူရမည်၊ ချီးမြှင့်စရာရှိက ချီးမြှင့်ရမည်၊ အသိအမှတ်ပြုစရာရှိက အသိအမှတ်ပြုရမည်ဖြစ်ပြီး
ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လက်အောက်၏ အခြေအနေအမှန်ကို သိရှိရန်လိုကြောင်း။
စစ်ရေးစွမ်းရည်
ထက်မြက်ရေးအတွက် လေ့ကျင့်ရေးကို အလေးထား ဆောင်ရွက်ပေးရန်နှင့် Format ပုံစံ၊ Drill ပုံစံများပေါ်တွင်
အခြေခံကာ ခေါင်းဆောင်လုပ်သူ၏ ဉာဏ်ဖြင့် တိုက်ပွဲပုံစံကို ဖော်သွားရန် လိုသလို
လက်အောက်သို့ အမြဲတမ်းသင်ကြားပေးနေရန် လိုကြောင်း၊ အခြေခံလေ့ကျင့်ရေးမှစကာ
စစ်ရေးစစ်ရာနှင့် ပတ်သက်၍ သင်ကြားမှုတွင် Format၊ Drill၊ Concept စသည် တို့ကို
အခြေခံရအောင် သင်ပေး လိုက်ခြင်းဖြစ်ကြောင်း၊ ကျင့်သားရအောင် လုပ်ပေးလိုက်သည့်အတွက်
ယင်းတို့ကို အခြေခံ၍ စစ်မြေပြင်တွင် လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့်လုပ်ဆောင်မှုများဖြင့်
ဒွန်တွဲလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်ဆိုသည်မှာ တိုက်စွမ်းရည်ရှိသည့်
တပ်မတော်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်ပင်ဖြစ်ပြီး တိုက်စွမ်းရည်ရှိရန်
တပ်မှူးများက မိမိ၏တပ်ကို လေ့ကျင့်ပေးနေရန်လိုကြောင်း၊ စစ်ရေးစွမ်းရည်ထက်မြက်ရန်အတွက်
လူတစ်ဦးချင်းစွမ်းရည်များ ထက်မြက်ရန်၊ လက်နက်စွမ်းရည်များရှိရန်နှင့်
လေ့ကျင့်သားပြည့်ဝရမည့်အပြင် စစ်နည်းဗျူဟာများ ကိုလည်း မှန်မှန်ကန်ကန်
ကျင့်သုံးတတ်ရန်လိုကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်တွင် စစ်ရေးစွမ်းရည်
ပြည့်ဝသည့် တပ်မတော်သားကောင်းတစ်ယောက် ဖြစ်စေရန် အလေ့အကျင့် ကောင်းများ ရှိရမည့်အပြင်
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိရန် လိုအပ်ကြောင်း။
မိမိတွင်ရှိသည့်
လူ၊ ပစ္စည်း၊ မိမိသင်ကြားရသည့် စစ်ပညာ၊ လက်ဝယ်တွင်ရှိသည့် နည်းပညာများကို
ကောင်းစွာအသုံးချပြီး စွမ်းရည်ထက်မြက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ရှိသည့်
စစ်လက်နက် ပစ္စည်းများကို ထိရောက်စွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်တွင်
လေ့ကျင့်ရေးသည် အဓိကကျသည်ကို တွေ့ရပြီး စစ်ရေးစွမ်းရည်ထက်မြက်၍ တိုက်ပွဲတိုင်းအောင်မြင်ရေးအတွက်
လေ့ကျင့်ရေးကို ဖိဖိစီးစီးလုပ်ရန်လိုကြောင်း၊ အလားတူ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”
ဆိုသည့် လေ့ကျင့်ရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
စစ်ပညာနှင့်ပတ်သက်ပြီး တာဝန် ရှိသူများအနေဖြင့် အမြဲမပြတ် လေ့လာရန်လိုအပ်ပြီး
ခေတ်မီတိုးတက်လာသည့် စစ်လက်နက် များ၊ ပြောင်းလဲလာသည့် စစ်နည်းဗျူဟာများကို
လေ့လာဆည်းပူးသွားကြရန် လိုအပ်ကြောင်း။
မှန်ကန်သောအဆင့် သတ်မှတ်ပေးနိုင်ရန်လို
သင်တန်းသားများအနေဖြင့်
အဆင့်နှင့်လျော်ညီအောင် နေထိုင်၍ ရိုးသားစွာ ကြိုးစားမှုဖြင့် ယှဉ်ပြိုင်သွားရန်
မှာကြားလိုကြောင်း၊ သင်တန်းသားတိုင်း နံပါတ်တစ်ဖြစ်မလာနိုင်သော်လည်း
နံပါတ်တစ်ဖြစ်ခွင့် အားလုံးတွင်ရှိကြောင်း၊ ထို့ကြောင့် ထူးချွန်၊ သာမန်အထက်၊
သာမန်အမြင့်၊ သာမန် သတ်မှတ်ထားသဖြင့် မိမိတို့၏ကြိုးစား အားထုတ်မှုအလိုက် သတ်မှတ်အဆင့်ကို
ရရှိမည်ဖြစ်ပြီး နည်းပြများအနေဖြင့်လည်း တော်တည့်မှန်ကန်၍ ညီညွတ်မျှတစွာ အုပ်ချုပ်သင်ကြားပေးရန်
လိုကြောင်း၊ အရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်၍ ပင်ကိုအရည်အချင်းနှင့်
စိတ်ဓာတ်ကို မြင်အောင်ကြည့်၍ အကဲဖြတ်ကာ မှန်ကန်သော အဆင့်သတ်မှတ်ပေးနိုင်ရန်
လိုကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို
ရှေ့တန်းစစ်မျက်နှာတွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုကြောင့် စစ်ဆင်ရေးထူးချွန်မှုဖြင့်
တစ်ဆင့်မြှင့်ရာထူးဖြင့် ဂုဏ်ပြုခံရပြီး သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သည့်
သင်တန်းသားအရာရှိကြီး နှစ်ဦးအား ချီးကျူးဂုဏ်ပြုစကား ပြောကြားကာ ရင်းရင်းနှီးနှီး
နှုတ်ဆက်သည်။
ထို့နောက် တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ၌ သင်တန်းနည်းပြ
အရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီးများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်
No comments