ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ




နေပြည်တော် မေ ၁၉

ပင်လယ်ငါးလုပ်ငန်း ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းတို့ တက်ရောက် ကြသည်။


ဦးစွာ ဒုတိယဝန်ကြီးက တည်ဆဲငါးလုပ်ငန်းနှင့် သက်ဆိုင်သည့်ဥပဒေများသည် ပြောင်းလဲ လာသော အခြေအနေအရ ခေတ်ကာလနှင့် လျော်ညီမှုမရှိခြင်း၊ လက်တွေ့နယ်ပယ်နှင့် များစွာ ကွာခြားလာခြင်း၊ နိုင်ငံတကာမှ ကျင့်သုံးနေသောဥပဒေ၊ နည်းဥပဒေများနှင့် လိုက်လျောညီထွေမှု မရှိခြင်းတို့ကြောင့် ပင်လယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မိမိတို့နိုင်ငံသည် စိုက်ပျိုး ရေးနှင့်မွေးမြူရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် ဥပဒေ(မူကြမ်း)များသည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးသွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ ၏လမ်းညွှန်ချက်နှင့် ယခင်လွှတ်တော်တွင် ပြဋ္ဌာန်းရန်ကျန်ရှိသည့် ဥပဒေများအနက် အရေးကြီး၍ သင့်တင့်သည့် ဥပဒေများကို လာမည့်လွှတ်တော်တွင်တင်ပြနိုင်ရေး ဝန်ကြီးဌာန များက ပြင်ဆင်ထားရန်နှင့် ပင်လယ်ငါးလုပ်ငန်း ဥပဒေ(မူကြမ်း)တွင် လက်ရှိကာလ အခြေအနေ နှင့်ညီအောင် ပြင်ဆင်ရန်လိုအပ်ချက်များကို ညှိနှိုင်းပြင်ဆင်ပြီးပါက ဥပဒေပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.