အသက်မွေးဝမ်းကျောင်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

 


မုံရွာ မေ ၃၁

 

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်လျက်ရှိသည့် ပုံမှန်ကာလတို အသက်မွေးဝမ်းကျောင်းပညာသင်တန်းများထဲမှ တန်ဖိုးမြှင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ယင်းဌာနရုံးခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားသည်။

 

ထို့နောက် မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြူကြူစိန်က သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းသူတစ်ဦးထံ သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများ ပေးအပ်သည်။

 

ယင်းနောက် အဆိုပါဌာနရှိ ဓာတ်ခွဲခန်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ သင်ကြားပို့ချပေးသည့် နေရာများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုံရွာ(ကိုယ်ပွား)

No comments

Powered by Blogger.