တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော် မေ ၁၉
အားကစားရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့တွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ဇုန်လေးဇုန်ခွဲ၍ ကျင်းပသည်။
ယနေ့မွန်းလွဲ ၃ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားရာ ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို လေးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီး မြို့ ပြည်နယ်အားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ နှစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။
ကြည့်ရှုအားပေး
မေ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ကွင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
အဆိုပါဇုန်လေးဇုန်၌ အုပ်စုပြိုင်ပွဲ ပွဲစဉ်များကို မေ ၁၉ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ (YTC စက်ဘီးလေ့ကျင့်ရေး၊ ပဒေသာ၊ သန်လျင်နှင့် ပဒုမ္မာ)အားကစားကွင်းတို့တွင် မေ ၂၉ ရက်မှ ဇွန် ၂ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments