ရန်ကုန်မြို့၌ စတုတ္ထအကြိမ်မြောက် သက်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 



ရန်ကုန် မေ ၃


စတုတ္ထအကြိမ်မြောက် သက်အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၈၇)ရပ်ကွက် သုခိတာလမ်းရှိ ဇောတိကာရုံ ကျောင်းတိုက်၌ မေ ၁ ရက်က ကျင်းပသည်။


အခမ်းအနားတွင် သက်အမျိုးသားနေ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ နာယက ဦးစံလှအောင်က အမှာစကားနှင့် သက်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် အသက်(၇၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၂၀ အား ပူဇော်ကန်တော့ခဲ့ကြပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မောင်သက်ဘုန်းသျှန်အား ဂုဏ်ပြု ဆုချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အခမ်းအနား ဖြစ်မြောက်ရေး အတွက် သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ရခိုင်မျိုးနွယ်စု ဆရာတော် ရဟန်း/သံဃာတော် အရှင်သူမြတ်များအား နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြရာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းလောင်း၍ အမျှပေးဝေ ခဲ့ပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် သက်အမျိုးသားနေ့ အထိမ်းအမှတ် သက်ဘာသာစကား ကျွမ်းကျင်မှု (အငယ်တန်း)ပြိုင်ပွဲ၌ ကလေး ရှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သက်ဘာသာစကား ကျွမ်းကျင်မှု(အကြီးတန်း)ပြိုင်ပွဲ၌ လူငယ်ခုနစ်ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင်ဆုရ လူငယ်မောင်မယ်များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါ သက်အမျိုးသားနေ့ ကို ၂၀၀၆ ခုနှစ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သက်ကိုင်ညှာကျေးရွာတွင် ပြုလုပ် သည့် သက်လူမျိုးတို့၏ အစည်းအဝေး၌ မေလ ၁ ရက်နေ့အား သတ်မှတ်ခဲ့ပြီး သက်လူမျိုးစုဝင်များ၏ မျိုးနွယ်စုဝင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး စည်းလုံး ညီညွတ်မှုရှိစေရန်၊ မိမိရိုးရာ ယဉ်ကျေးမှုနှင့် မိခင်ဘာသာ စကားတို့ကို ထိန်းသိမ်းနိုင်ရန်နှင့် နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပရခြင်း ဖြစ်ကြောင်း သက်အမျိုးသားနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ရက္ခသိန်းထွန်း

ဓာတ်ပုံ- ဖြိုးစန္ဒာ၊ မင်းသိန်းထွန်း

No comments

Powered by Blogger.