လွိုင်ကော်မြို့၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး
လွိုင်ကော် မေ ၁၄
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (လွိုင်ကော်)ဘဏ်ခွဲက
၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကယားပြည်နယ်
လွိုင်ကော်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးတင်လှက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို
မိုးရာသီ၊ ဆောင်းရာသီနှင့် မိုးကြိုရာသီများတွင် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စပါး၊
ဂျုံ၊ ချည်မျှင်ရှည်ဝါ သီးနှံများကို ယခင်တစ်ဧက ငွေကျပ် တစ်သိန်းခွဲမှ ယခုငွေကျပ် သုံးသိန်းနှင့်
အခြားသီးနှံများကို ယခင် တစ်ဧက ငွေကျပ် တစ်သိန်းမှ ယခု ငွေကျပ် နှစ်သိန်းခွဲအထိ တိုးမြှင့်ထုတ်ချေး
ပေးလျက်ရှိကြောင်း ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက် အထွေထွေမန်နေဂျာနှင့်
လွိုင်ကော်ခရိုင်ဘဏ်ခွဲ မန်နေဂျာတို့က ချေးငွေဆိုင်ရာ ညွှန်ကြားချက်များ၊ စည်းမျဉ်း
စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက
မိုးစပါးစိုက် တောင်သူများနှင့် ပြောင်းသီးနှံစိုက် တောင်သူများအား ချေးငွေများပေးအပ်ခဲ့ကြောင်း
သိရသည်။
မေစု(ပြန်/ဆက်)

No comments