စိုက်ပျိုးရေးကဏ္ဍတွင် ရေအရင်းအမြစ်ကို အကျိုးရှိရှိ အသုံးချ
ဒေါက်တာပပဝင်း (စိုက်/သု)
ရေသည်
စိုက်ပျိုးရေး၏ အသက်သွေးကြောဖြစ်သောကြောင့် စနစ်ကျသည့် “ရေ” စီမံခန့်ခွဲမှုသည်
တောင်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့် သော့ချက်ပင်ဖြစ်ပါသည်။ ရာသီဥတု ပြောင်းလဲမှုများနှင့်
ရင်ဆိုင်နေကြရသည့် ယနေ့ခေတ်စိုက်ပျိုးရေးကဏ္ဍတွင် ရေအရင်းအမြစ်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးသည်
အရေးပါသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။
ရေကို
အလေအလွင့်မရှိစေဘဲ အပင်၏လိုအပ်ချက်နှင့်အညီ အချိန်ကိုက်၊ အချိုးကျပေးသွင်းနိုင်ခြင်းက
ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်ရာ တောင်သူဦးကြီးများနှင့်
ပညာရှင်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်များကိုအခြေခံ၍ ထိရောက်သောရေသုံးစွဲမှု
နည်းစနစ်များ၊ အစိုဓာတ်အပေါ်မူတည်၍ ပြန်လည်ရရှိလာမည့် အထွက်နှုန်းနှင့်
ရေတစ်ယူနစ်၏ တန်ဖိုးကို အမြင့်ဆုံးဖော်ဆောင်နိုင်သည့် ဗဟုသုတများအား အနှစ်ချုပ်
ထုတ်နုတ်တင်ပြသွားပါမည်။
ရေအရင်းအမြစ်ရရှိသုံးစွဲမှုဆိုင်ရာ စိန်ခေါ်မှုများ
၂၀၅၀ ပြည့်နှစ်တွင်
ကမ္ဘာ့လူဦးရေ သန်း ၉၀၀၀ အထိ တိုးလာနိုင်ပြီး အစားအစာလိုအပ်ချက်မှာ ၇၀
ရာခိုင်နှုန်းခန့်အထိ တိုး၍လိုအပ်လာမည်ဟု ခန့်မှန်းထားရာ အဆိုပါလိုအပ်ချက်ကို
ဖြည့်တင်း ရန်အတွက် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုရမည့်
ရေလိုအပ်ချက်မှာ (၅၀% - ၈၀%) အထိ တိုးမြင့်လာနိုင်ပါသည်။ ယခုအချိန်အခါသည်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုကြောင့်
မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ ဆည်မြောင်း၊ ကန်၊ ချောင်းများအတွင်း
ရေဝင်ရောက်မှု နည်းပါးလာခြင်း၊ ရေဝေရေလဲ ဧရိယာများပျက်စီးပြီး ရေအရင်းအမြစ်များ
ရှားပါး လာခြင်းနှင့် နည်းပညာအားနည်း၍ သမားရိုးကျရေသွင်းနည်းစနစ်များကိုသာ
အသုံးပြုနေရသော ကြောင့် ရေအလေအလွင့်များပြားခြင်း စသည့် အခြေအနေများနှင့်
တွေ့ကြုံနေကြရသည့် အချိန် အခါဖြစ်ပါသည်။
“နည်းစနစ်ကျသော ရေအသုံးချမှုမှသည်
အမြင့်ဆုံးသော သီးနှံအထွက်နှုန်းဆီသို့” ရောက်ရှိ ရန်မှာ သီးနှံပင်များ၏
ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ရေအရည်အသွေးနှင့် မြေဆီလွှာ အစိုဓာတ်ကို
ထိန်းသိမ်းပေးနိုင်မည့် နည်းပညာရပ်များကိုပေါင်းစပ်၍ စိုက်ပျိုးလုပ်ကိုင်မှသာလျှင်
အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။
ထိရောက်သော ရေသုံးစွဲမှု
ထိရောက်သော
ရေသုံးစွဲမှုဆိုသည်မှာ နည်းပညာကို အသုံးပြု၍ သီးနှံပင်များ၏ ရေလိုအပ်သည့် အချိန်၊
လိုအပ်သည့် ရေပမာဏကို အလေအလွင့်မရှိ နည်းစနစ်မှန်ကန်စွာ ထည့်သွင်းပေးခြင်းဖြစ်ပါသည်။
ထိုသို့ ရေကိုထိရောက်စွာသုံးစွဲခြင်းကြောင့် ရေ၏အရည်အသွေးကို
ထိန်းသိမ်းစောင့်ရှောက်နိုင် ခြင်း၊ ရေတစ်ယူနစ်သုံးစွဲမှုအပေါ် မူတည်၍ ထွက်ရှိလာမည့်အထွက်နှုန်းကို
တိကျစွာတွက်ချက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
မြေဆီလွှာအစိုဓာတ် စစ်ဆေးနည်း
ထိရောက်သော
ရေသုံးစွဲမှုစီမံခန့်ခွဲရေး နည်းပညာများအနက် မြေဆီလွှာ အစိုဓာတ်စစ်ဆေးခြင်းမှာ
အခြေခံအကျဆုံးဖြစ်ပြီး မဖြစ်မနေလုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ပါသည်။
လက်တွေ့ကျသည့် မြေဆီလွှာအစိုဓာတ် စစ်ဆေးနည်းမှာ သီးနှံပင်အမြစ်ဇုန်မြေအနက် (၆-၁၂)
လက်မရှိမြေကြီးကို တူးကာလက်ဖြင့်ဆုပ်ယူ၍ တင်းတင်းဆုပ်ကြည့် စစ်ဆေးသည့်နည်းဖြစ်ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြေကြီးသည်တင်းနေပြီး ပုံသဏ္ဌာန်မပျက်ရှိကာ ရေမထွက်ပါက
ရေသွင်းရန်မလိုအပ်သည့် အခြေအနေ ဖြစ်ပါသည်။
မြေကြီးသည်
ချက်ချင်းကွဲသွားပါက ရေသွင်းရန် လိုအပ်သည့်အခြေအနေဖြစ်ပါသည်။ ဆုပ်ထားသည့်
မြေကြီးမှ ရေများစိမ့်ထွက်လာမည်ဆိုပါက ရေများနေသည့် အခြေအနေဖြစ်ပါသည်။ ရေသွင်းရမည့်
အနေအထားဖြစ်ပါက ရေသွင်းရမည့်အချိန်နှင့် ပမာဏအား သိရှိရန်လိုအပ်ပါသည်။
ရေသွင်းမိုးမိ မဖြစ်စေရန် မိုးရွာနိုင်ခြေ ရှိ/မရှိ ရာသီဥတုကိုကြည့်၍
ရေသွင်းခြင်းကို ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ထို့အပြင် အပူချိန်နှင့်လေတိုက်သည့်
အနေအထားပေါ်မူတည်၍ ရေသွင်းအကြိမ်အရေအတွက်ကို ချင့်ချိန်ပြီးသွင်းပေးရမည်ဖြစ်သည်။
နေအပူချိန်ပြင်း သည့်အခါနှင့် လေတိုက်နှုန်းများသည့်အခါတို့ တွင်
မြေဆီလွှာခြောက်သွေ့ခြင်းမဖြစ်စေရန် ရေကို မကြာခဏသွင်းပေးရမည်။
အပင်မှရေလိုအပ်သည့်လက္ခဏာ
အပင် ရေလိုအပ်သည့်
လက္ခဏာများအနက် အလွယ်တကူသိမြင်နိုင်သည့် လက္ခဏာများမှာ အရွက်များ ညှိုးကျခြင်း
(နံနက်စောစောပိုင်း)၊ အရွက်အရောင်ပြောင်းလဲခြင်း (မွဲခြောက်ခြောက်/
နက်မှောင်သည့်အစိမ်းရောင်)၊ အရွက်များ လိပ်သွား ခြင်း၊
တွန့်လိမ်ခြင်းစသည်တို့ဖြစ်ရာ အဆိုပါ လက္ခဏာများ မပြမီ ရေပေးသွင်းသင့်ပါသည်။
သီးနှံပင်၏ ရေလိုအပ်ချက်
စိုက်ပျိုးထားသော
သီးနှံပင်များ၏ ကြီးထွားမှု ဖြစ်စဉ်တစ်လျှောက် ကျန်းမာသန်စွမ်းပြီး အကောင်း ဆုံး
အထွက်နှုန်းရရှိစေရန်အတွက် လုံလောက်သည့် ရေပမာဏရှိရန် လိုအပ်ပါသည်။
အဆိုပါလိုအပ်ချက် ကို ပင်ငွေ့ရေငွေ့ပြန်ခြင်း(Evapotranspiration- ET)ဟု ခေါ်ဆိုပါသည်။ သီးနှံပင်အတွက် လိုအပ် သော ET ပမာဏကို မိုးရေဖြင့် လုံလောက်စွာ မရရှိ နိုင်ပါက
ဖြည့်စွက်ရေ ပေးသွင်းရန် လိုအပ်ပါသည်။ ET ပမာဏထက် ကျော်လွန်၍ ရေပေးသွင်းခြင်းသည် အပင်အတွက် အကျိုးမရှိသည့်အပြင် ရေ အရင်းအမြစ်
များကို နည်းမျိုးစုံဖြင့် အချည်းနှီး ဆုံးရှုံးစေနိုင်ပါသည်။
ပင်ငွေ့ရေငွေ့ပြန်ခြင်း
ပင်ငွေ့ရေငွေ့ပြန်ခြင်း
(ET)
ဆိုသည်မှာ-
(က) မြေမျက်နှာပြင်မှ ရေငွေ့ပြန်ခြင်း - နေရောင်
ခြည် အပူရှိန်ကြောင့် မြေဆီလွှာမျက်နှာပြင် ပေါ်ရှိ ရေများ အငွေ့ပြန်သွားခြင်း၊
(ခ) အပင်မှ ပင်ငွေ့ပြန်ခြင်း - အပင်သည် မြေကြီး
အတွင်းရှိ အစိုဓာတ်ကို အမြစ်များဖြင့် စုပ်ယူ ပြီး အရွက်၏လေရှူပေါက်များမှတစ်ဆင့်
လေထုထဲသို့ ရေငွေ့အဖြစ် ပြန်လည်ထုတ် လွှတ်ခြင်း စသည့် ဖြစ်စဉ်နှစ်ခု
ပေါင်းစပ်မှုကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ရေပိုပေးသွင်းခြင်းကြောင့် ဆုံးရှုံးသွားနိုင်သည့် နည်းလမ်းများ
အပင်လိုအပ်ချက် (ET) ထက် ကျော်လွန်ပြီး ရေသွင်းမိပါက-
(က) မြေမျက်နှာပြင်အောက်သို့ နက်ရှိုင်းစွာစိမ့်ဝင်
ဆုံးရှုံးခြင်း - အပင်၏ အမြစ်များ မမီနိုင်တော့ သည့် မြေအောက်အနက်ပိုင်းသို့
ရေများစိမ့်ဝင်သွားခြင်းဖြစ်ပြီး ၎င်းနှင့်အတူ မြေဩဇာ (အထူးသဖြင့် နိုက်ထရိုဂျင်) များပါ မျောပါ
ဆုံးရှုံးသွားခြင်း၊
(ခ) မြေပေါ်မှ စီးဆင်းဆုံးရှုံးခြင်း (Surface
Runoff) - မြေဆီလွှာသည် ရေကို ထပ်မံ
မစုပ်ယူနိုင်တော့သည့်အခါ ပိုလျှံနေသောရေများ စိုက်ခင်းအပြင်ဘက်သို့ စီးဆင်း၍
ဆုံးရှုံးသွားခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
ထို့အပြင်
လိုအပ်သည့်ပမာဏထက် ရေပိုရေလျှံခြင်းဖြစ်စဉ်များကြောင့် မြေဆီလွှာ လေဝင် လေထွက်
ပိတ်ဆို့ခြင်း၊ တစ်နည်းအားဖြင့် ရေဝပ် ခြင်း - ရေများလွန်းသဖြင့် မြေဆီလွှာရှိ လေဝင်ပေါက်များ
ရေနှင့်ပြည့်သွားကာ အမြစ်များအသက်ရှူ မရသောကြောင့် အမြစ်ပုပ်ခြင်းကို ဖြစ်စေပါသည်။
သီးနှံပင်များ၏ လိုအပ်သော ရေပမာဏ
သီးနှံပင်များ၏
လိုအပ်သော ရေပမာဏသည် စိုက်ပျိုးချိန်ရှိ မိုးလေဝသအခြေအနေ၊ မြေအမျိုး အစား၊
စိုက်ပျိုးပင်အမျိုးအစား၊ စိုက်ချိန်နှင့် သက်တမ်းပေါ် မူတည်သောကြောင့်
မိမိတို့စိုက်ပျိုးမည့် ကာလ ဒေသရှိ မိုးရေချိန်၊ မိုးရွာရက်တို့အပြင်
စိုက်ပျိုးသီးနှံ၏ မျိုး၊ သက်တမ်းနှင့် ကြီးထွားသည့် အဆင့်အလိုက် ရေလိုအပ်ချက်ကို
သိရှိရန် လိုအပ်ပါသည်။
အပင်၏လိုအပ်ချက်အရ
ရေပေးသွင်းမည်ဆိုပါက ရေကို အကျိုးရှိစွာအသုံးချနိုင်ရန် ရေပေးသွင်းမည့် အချိန်
(ဥပမာ နံနက်ခင်း၊ ညနေခင်း)နှင့် ရေသွင်းသည့်နည်းစနစ် (ဥပမာ ရေဖျန်းစနစ်၊
အစက်ချရေသွင်းနည်းစနစ်၊ မြောင်းပေါင်ဖြင့် သွင်းသည့်စနစ်၊
စမတ်ရေသွင်းနည်းစနစ်)တို့ကို သိရှိ ထားပြီး မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။ အခြေအနေများအပေါ် မူတည်၍
ဖြစ်နိုင် ပါက ရေလိုအပ်သည့်ပမာဏကို မိမိလိုအပ်သည် ထက်၂ ဆ မှ ၅ ဆအထိ အပိုဆောင်းထားသင့်ပါ
သည်။ သီးနှံပင်များ ရေလိုအပ်ချိန်တွင် ပေးသွင်းနိုင် ခြင်းမရှိပါက အထွက်နှုန်း
(၁၀-၅၀) ရာခိုင်နှုန်းခန့် လျော့ကျနိုင်သကဲ့သို့ သီးနှံပင်မှရေလိုအပ်ခြင်းမရှိဘဲ
ရေရရှိခြင်း၊ ရေဝပ်ခြင်းများဖြစ်ပါကလည်း အထွက် နှုန်း (၁၀-၅၀) ရာခိုင်နှုန်းခန့်
လျော့ကျနိုင်ပါသည်။
အပင်မှအလွယ်တကူရရှိနိုင်သောရေစွမ်းအား
အပင်မှ
အလွယ်တကူရရှိနိုင်သောရေစွမ်းအားဆိုသည်မှာ မြေဆီလွှာအတွင်း သိုလှောင်ထားသော
ရေပမာဏထဲမှ အပင်၏အမြစ်များက အမှန်တကယ် စုပ်ယူအသုံးချနိုင်သည့် ရေပမာဏကို
ဆိုလိုခြင်း ဖြစ်ပါသည်။
(က) မြေဆီလွှာမှ
ရေထိန်းနိုင်စွမ်း
မိုးရွာသွန်းပြီး
သို့မဟုတ် ရေသွင်းပြီး ၁-၂ ရက် အကြာတွင် မြေဆီလွှာအတွင်းရှိ ပိုလျှံသော ရေများ
မြေ၏ဆွဲအားကြောင့် အောက်သို့ စိမ့်ဆင်းသွားပြီး ကျန်ရှိနေသည့်
အများဆုံးရေပမာဏဖြစ်သည်။ ယင်းသည် အပင်အတွက် ရေအများဆုံးရရှိနိုင်သော
အခြေအနေဖြစ်သည်။
(ခ)
ထာဝရပင်ညှိုးမှတ်
မြေဆီလွှာအတွင်း
ရေဓာတ်အလွန်နည်းပါး သွားပြီး ကျန်ရှိနေသော ရေဓာတ်ကို အပင်၏ အမြစ် များက
ဆွဲယူနိုင်စွမ်းမရှိတော့သည့် အခြေအနေဖြစ် သည်။ ဤအဆင့်တွင် အပင်သည် စတင်ညှိုးနွမ်း
လာပြီး ရေထပ်မံမရရှိပါက သေဆုံးသွားနိုင်ပါသည်။
အပင်မှ
ရရှိနိုင်သော ရေပမာဏကို အောက်ပါ အတိုင်း သတ်မှတ်ပါသည်။
PAWC = FC - PWP
မြေဆီလွှာ
အမျိုးအစားပေါ်မူတည်၍ PAWC ကွဲပြားပါသည်။ သဲမြေ -
ရေကို ကြာရှည် မထိန်း ထားနိုင်သဖြင့် PAWC ပမာဏနည်းပါသည်။ ရွှံ့စေးမြေ - ရေပမာဏများစွာ ထိန်းထားနိုင်သော် လည်း
ရေအချို့မှာ မြေစေးမှုန်များကြားတွင် အလွန် မြဲမြံစွာ ကပ်နေသဖြင့် အပင်က အကုန်အစင်
မစုပ် ယူနိုင်ပါ။ သမမြေ - ရေကို သင့်တင့်စွာ ထိန်းထားနိုင် ပြီး အပင်ကလည်း
အလွယ်တကူပြန်လည်စုပ်ယူ နိုင်သဖြင့် PAWC အကောင်းဆုံး
ဖြစ်ပါသည်။
အပင်မှအလွယ်တကူရရှိနိုင်သော ရေစွမ်းအားကို မြှင့်တင်နိုင်သည့် နည်းလမ်းများ
အပင်မှ
အလွယ်တကူရရှိနိုင်သော ရေစွမ်းအား သည် ရေသွင်းရမည့်အချိန်နှင့် ရေပမာဏကို ဆုံးဖြတ် ရန်အတွက် အလွန်အရေးကြီးသော
တိုင်းတာချက် တစ်ခုဖြစ်ပါသည်။ စိုက်ပျိုးမြေတွင် အော်ဂဲနစ်ပစ္စည်း ကြွယ်ဝလေ၊ အပင်အတွက်
ရေရရှိနိုင်မှု ပိုမို ကောင်းမွန်လေဖြစ်ပါသည်။ မြေဆွေးထည့်ခြင်း၊ မြေဖုံးပေးခြင်း၊
မြေဖုံးပင်စိုက်ခြင်း၊ ကွန်တိုအလိုက် စိုက်ခြင်း၊ လေကာပင်များ စိုက်ခြင်း၊ ဇီဝ/
သဘာဝ မြေဩဇာများ ထည့်သွင်းခြင်း၊ သွင်းရေကို စနစ်တကျ စီမံခန့်ခွဲခြင်း(Irrigation
Management)သည် သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင်
ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ရရှိနိုင်မည့်ရလဒ်တို့ကို အချိုးကျကျ
ထိန်းညှိပေးနိုင်သည့် အဓိကအချက်များပင် ဖြစ်ပါသည်။
ယနေ့ ခေတ်တွင်
အသုံးပြုနေကြသည့် ခေတ်မီ ရေသွင်းနည်းပညာ စီမံခန့်ခွဲခြင်းများဖြစ်သော Soil Moisture
Sensors (မြေဆီလွှာစိုထိုင်းဆတိုင်း ကိရိယာများ)
သို့မဟုတ် Weather-based Data (မိုးလေဝသအချက်အလက်များ)ကို
အသုံးပြု၍ ရေသွင်းချိန်ဆုံးဖြတ်ခြင်းကို ဆောင်ရွက်သွားမည် ဆိုပါက
သီးနှံအထွက်နှုန်းနှင့် သီးနှံ၏အရည်အသွေး တိုးတက်လာခြင်း၊ မြေဆီလွှာကျန်းမာရေးကို
ထိန်းသိမ်းပေးနိုင်ခြင်း၊ အာဟာရဓာတ် ဆုံးရှုံးမှု လျော့နည်းစေခြင်း၊
မြေဆီလွှာဆားပေါက်မှုကို ထိန်းချုပ်ပေးနိုင်ခြင်းနှင့် ကုန်ကျစရိတ်၊ အဖိုးတန်ရေ
အရင်းအမြစ် သယံဇာတများ အလေအလွင့်ဖြစ်မှု လျော့နည်းသက်သာစေခြင်းနှင့်
စိုထိုင်းဆအလွန် အကျွံ များပြားခြင်းကြောင့် ပိုးမွှားရောဂါ ကျရောက် မှုကို
ထိန်းချုပ်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူး များကို ရရှိနိုင်မည်ဖြစ်ပါသည်။
မြေဖုံးခြင်း -
မြေဆီလွှာမျက်နှာပြင်မှ ရေငွေ့ပြန်ခြင်း ကို လျော့နည်းစေပါသည်။
မြေဆီလွှာအတွင်း
အော်ဂဲနစ်ပစ္စည်း ဖြည့်တင်း ခြင်း - သစ်ဆွေးမြေ သို့မဟုတ် သဘာဝမြေဩဇာ များ
ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာ၏ ရေထိန်း စွမ်းအားကို တိုးတက်စေပါသည်။
ရေစီမံခန့်ခွဲမှု ကောင်းမွန်ရန် အဘယ်ကြောင့် အရေးကြီးသနည်း
ဂေဟစနစ်ကို
မထိခိုက်စေဘဲ ရေအရင်းအမြစ် ကို စနစ်တကျစီမံခန့်ခွဲသည့် အလေ့အထကောင်း များ
ရရှိစေရန်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ စိုက်ခင်းအတွင်း ရေကို အလေအလွင့်
မရှိစေဘဲ အကျိုးရှိရှိ အသုံးပြုနိုင်ရေးကို ကိုယ်တိုင် ဆုံးဖြတ်ကြီးကြပ်
လုပ်ဆောင်ရမည်ဖြစ်သည်။ ရေစီမံခန့်ခွဲမှုကောင်းစေရန် အောက်ပါရေစီမံခန့်ခွဲ သည့်
အလေ့အကျင့်ကောင်းများ လိုက်နာ ဆောင်ရွက်သင့်ပါသည်။
(က)
မြေဆီလွှာနှင့်ရေထိန်းသိမ်းခြင်း
မြေဆီလွှာနှင့်
ရေထိန်းသိမ်းခြင်းသည် စိုက်ပျိုး မြေ၏ အကျိုးဖြစ်ထွန်းမှုစွမ်းရည်ကို ထိန်းသိမ်း
ရန်နှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး
ထိုသို့ဆောင်ရွက်ရာတွင် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပြုပြင်ထိန်းသိမ်း
ဆောင်ရွက်ခြင်း ဥပမာ - ကွန်တိုကန်သင်းများ (မြေသား/ ကျောက်စီ)၊
နုန်းတားကန်သင်းပြုလုပ်ခြင်း၊ မိရိုးဖလာနုန်းတားဆည်ပြုပြင်ခြင်း၊ ကွန်တိုအလိုက်
မြောင်းဖောက်ခြင်း၊ ရေစုကန်တူးခြင်း၊ ကျင်းတူး၍ အပင်စိုက်ခြင်းများ စသည်တို့ကို
လုပ်ဆောင်ရမည် ဖြစ်ပါသည်။
ဇီဝဂုဏ်သတ္တိကို
ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခြင်းများဖြစ်သော ကွန်တိုကန်သင်းစည်းရိုးပင် စိုက်ခြင်း၊
လေကာပင်စိုက်ခြင်း၊ သဘာဝရေထုတ်လမ်း တစ်လျှောက် တိုက်စားမှုမရှိစေရန် မြက်များ
စိုက်ပျိုး၍ အမြဲဖုံးအုပ်ထားခြင်း၊ သစ်တောများ ပြန်လည်စိုက်ပျိုးခြင်းနှင့်
သီးနှံများကိုအကန့်လိုက် စိုက်ခြင်း၊ သီးရော/သီးညှပ်စိုက်ခြင်း၊ တစ်ခါတစ်ရံ
မြေလှပ်ထားခြင်း၊ မြေဖုံးခြင်း၊ ကွန်တိုအလိုက် စိုက်ခြင်းနှင့်
သီးနှံသစ်တောရောနှောစိုက်ခြင်း စသည်တို့လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ၎င်းအပြင်
မိုးရွာသွန်းမှု လျော့နည်းလျှင် မြေတွင်းသို့ ရေစိမ့်ဝင် အားကောင်းစေရန်နှင့်
ရေထိန်းစွမ်းအားကောင်း မွန်စေရန် မြေဆွေး၊ စက်ဖွဲပြာ၊ ဇီဝမီးသွေးများ
ထည့်သွင်းခြင်း၊ ရေထိန်းပေါင်များပြုလုပ်ခြင်း၊ ရေငတ်ဒဏ်ခံနိုင်သော သီးနှံများကို
သင့်တော်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြစ်သည့် သီးလှည့်စိုက်ခြင်း၊
အပင်များကျဲကျဲစိုက်ခြင်း စသည်တို့ လုပ်ဆောင် ရမည်ဖြစ်ပါသည်။
အကယ်၍ မိုးရွာသွန်းမှု ညီမျှလျှင် မြေဆီလွှာ
အတွင်း ရေထိန်းစွမ်းအားကောင်းအောင် စီမံ ဆောင်ရွက်ပြီး ရွာချသည့်မိုးရေကို
မြေအောက်ရေ အစားထိုးရန်၊ ရေကြီးမှုအန္တရာယ်ကို လျှော့ချရန်၊ ရေပြတ်လပ်မှုများကို
လျှော့ချရန်နှင့် မြေဆီလွှာ အတွင်း ဆားစုဆောင်းခြင်းကို လျှော့ချနိုင်ရန်တို့
အတွက် စုဆောင်းထိန်းသိမ်းခြင်းများ လုပ်ဆောင်ရ ပါမည်။ မိုးရေရရှိမှုပိုလျှံလျှင်
ရေတိုက်စားခြင်းကို လျှော့ချနိုင်ရန်အတွက် ရေပိုရေလျှံများကို ထုတ်ပစ်ခြင်းနှင့်
နောင်အသုံးပြုရန်အတွက် သိုလှောင်ခြင်း များကို စနစ်တကျဆောင်ရွက်ရပါမည်။
(ဆက်လက်ဖော်ပြပါမည်)
No comments