ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက်
နေပြည်တော် မေ ၁၂
ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ ၂၀၂၆ ခုနှစ် မေ ၁၂ ရက်မှ ၁၄ ရက်အထိ Video Conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမိသားစုဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်း အဝေး(ASEAN Ministerial Meeting on Social Welfare and Development -AMMSWD)၏ ဥက္ကဋ္ဌ ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံ လူမှု ဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်သူ H.E. Rex Gatchalian က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက အမှာစကားပြောကြားရာတွင် ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံကြေညာချက်နှင့် လူ့အဖွဲ့အစည်း နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် မိသားစု၏ အရေးပါမှုဆိုင်ရာ ဘန်ဒါဆရီဘီဂါဝမ်ကြေညာချက် တို့သည် မိသားစုများအား ပိုမိုကူညီပေးနိုင်ရေးနှင့် ခိုင်မာအားကောင်းစွာ တည်ဆောက်နိုင်ရေးတို့ အတွက် ကတိကဝတ်များဖြစ်ကြောင်း။
အာဆီယံဒေသတွင်း မိသားစုများ၏ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အားလုံးပါဝင်နိုင် ပြီး လိုက်လျောညီထွေရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်များမှတစ်ဆင့် ထိခိုက်လွယ်အုပ်စုများထံရောက်ရှိနိုင်မည့် မိသားစုကိုဗဟိုပြုသော မူဝါဒများနှင့် အားပေးကူညီသည့် အစီအမံများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ပိုမို လက်လှမ်းမီစေမည့် ပေါင်းစပ်ချဉ်းကပ်မှုနှင့် ဟန်ချက် ညီသောစနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments