ဆဋ္ဌသင်္ဂါယနာတင်တွင် ပုံနှိပ်ခဲ့သည့် ဂျာမနီနိုင်ငံထုတ်ပုံနှိပ်စက်အပါအဝင် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် အထူးပြပွဲတွင်ပြသထားရှိ

 


ရန်ကုန် မေ ၆

 

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါ သာဏလိုဏ်ဂူ သိမ်တော်ကြီး ပတ်လမ်းတွင် ပြခန်းပြကွက်များဖြင့် မေ ၁၀ ရက်အထိ နေ့စဉ် နံနက်၉ နာရီမှ ညနေ၅ နာရီအထိ ဖွင့်လှစ်ပြသလျက်ရှိရာ ယနေ့လာရောက်လေ့လာသူ ရဟန်းရှင် လူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် မဟာမင်္ဂလာ အထိမ်းအမှတ် အထူးပြပွဲတွင် ပထမသင်္ဂါယနာတင်မှ ဆဋ္ဌသင်္ဂါယနာတင် အကြောင်းအရာများနှင့် ယနေ့ခေတ်သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ အပါအဝင် ပြကွက်(၁၀)ကွက်ဖြင့် ပြသထားရာ ပြကွက်(၈)တွင် ဆဋ္ဌသင်္ဂါယနာတင်၌ ပုံနှိပ်ခဲ့သည့် ဂျာမနီနိုင်ငံထုတ် ပုံနှိပ်စက်နှင့်အတူ ခဲစာလုံးများ၊ ပိဋကတ်တော်ဆိုင်ရာ ပုံနှိပ်စာအုပ်မူကို ပြသထားသည်။

 

အဆိုပါ ပုံနှိပ်စက်သည် ဂျာမနီနိုင်ငံထုတ် ပုံနှိပ်စက်ဖြစ်ပြီး စက်အမျိုးအစားအမည်မှာ HEIDELBERG Letter Press၊ စက်၏ တန်ဖိုးမှာ ၁၃၅၄၄ကျပ်၊ ရိုက်နိုင်သည့်အရွယ်မှာ၁၃လက်မx ၁၈ လက်မ၊ ရောက်ရှိသည့် ခုနှစ်မှာ ၁၉၅၄ ခုနှစ်၊ စက်၏ သက်တမ်းမှာ ၇၂ နှစ်ရှိပြီး ပထမဆုံးဆဋ္ဌသင်္ဂါယနာတင် ပိဋကသုံးပုံကျမ်း စာအုပ်များကို ခဲစာလုံးဖြင့် စတင်ရိုက်နှိပ်ခဲ့သော ပုံနှိပ်စက်ဖြစ်သည်။

 

ယနေ့ပြပွဲသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ရန်ကင်းပညာရေး ဒီဂရီကောလိပ်၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများနှင့် ရဟန်းရှင်လူပြည်သူများ လာရောက်ကြည့်ရှု လေ့လာကြပြီး ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အထူးပြပွဲတွင် ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုနေသူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။

 

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏက “ သာသနာအတွက် တန်ဖိုးဖြတ်လို့မရတဲ့ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ အကြောင်းအရာတွေကို မျိုးဆက်သစ်တွေ သိဖို့လိုပါတယ်၊ ဒါမှသာလျှင် ဗုဒ္ဓဘာသာကို တန်ဖိုးထားတတ် လာမယ်၊ သာသနာကို တန်ဖိုးထားဖို့ ပြန့်ပွားဖို့စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ၊ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို သိမြင်ပြီး သာသနာအတွက် မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့တဲ့ သာသနာ့အမွေတွေကို သိမြင်လာနိုင်ပါတယ် ဟုပြောသည်။

 

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် မဟာမင်္ဂလာ အခမ်းအနားကို သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ပြီး ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ် အထူးပြပွဲကို မေ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments

Powered by Blogger.