ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း လယ်ဝေးမြို့နယ် သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေး မြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု ကွင်းအမှတ်-၁၈၅၄ (ခ) တွင် ဒို့မြန်မာ အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းက အသားတိုးနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သမဝါယမ စနစ်ဖြင့် စနစ်ကျသောမွေးမြူရေး လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိရစ္ဆာန်ရောဂါများ မကျရောက်စေရေး ကြိုတင် ကာကွယ်ဆောင်ရွက်ကြရန်နှင့် တိရစ္ဆာန် ဖြည့်စွက်စာများ လုံလောက်မှုရှိစေရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာရှိ နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက တောင်သူများအနေဖြင့် ရောင်းချရာတွင်လည်း တစ်ဦးချင်းရောင်းချပါက အကျိုးအမြတ်ရရှိမှု နည်းပါးနိုင်ကြောင်း၊ ထို့ကြောင့် သမဝါယမ စနစ်ဖြင့် တစ်ကွင်းတစ်ဆက်စပ် တည်းရှိသော လယ်ကွင်းများတွင် ထွန်ယက်ချိန်၊ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များ တူညီစေရေး စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစု ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ စနစ်ကျလယ်ယာစနစ် ဖော်ထုတ် ဆောင်ရွက်နိုင်သည် အထိမျှော်မှန်းပြီး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments