ကယ်လီဖိုးနီးယားတောင်ပိုင်း၌ တောမီးလောင်မှုကြောင့် ဒေသခံ ၁၇၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း
လော့အိန်ဂျလိစ် မေ ၂၀
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဗန်တူရာဒေသတွင်
အလွန်လျင်မြန်စွာလောင်နေသည့် တောမီးကို ငြှိမ်းသတ်ရန် မီးသတ်သမား ၇၅၀ ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြပြီး
ဒေသခံ ၁၇၀၀၀ ကျော်အား မေ ၁၉ ရက်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားကြောင်း
သိရသည်။
Sandy Fire ဟု အမည်ပေးထားသည့် တောမီးမှာ မေ
၁၈ ရက် နံနက်ပိုင်းက လော့စ်အိန် ဂျလိစ်မြို့၏ အနောက်မြောက်ဘက် ၄၈ ကီလိုမီတာအကွာရှိ
Simi Valley မြို့တွင် စတင်လောင်ခဲ့ခြင်းဖြစ်သည်။ Simi Valley မြို့ရဲဌာန၏ ပြောကြားချက်အရ
ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ထွန်စက်ယာဉ်တစ်စီးက
ကျောက်တုံးနှင့် ထိမိရာမှ မီးပွားများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ ယင်းမီးပွားများသည်
အနီးဝန်းကျင်ရှိ ခြောက်သွေ့နေသော ချုံများသို့ ကူးစက်လောင်သွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
စိုထိုင်းဆနည်းပါးမှုနှင့် မြေမျက်နှာသွင်ပြင်အရ
ဖြစ်ပေါ်လာသည့် လေပြင်းတိုက်ခတ်မှုကြောင့် တောမီးမှာ လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး ၁၃၈၅
ဧကခန့် မီးလောင်ခဲ့သည်။ မေ ၁၉ ရက် နံနက်ပိုင်းအထိ တောမီးလောင်ကျွမ်းမှု၏ ငါးရာခိုင်နှုန်းခန့်ကိုသာ
ငြှိမ်းသတ်နိုင်သေးကြောင်း သိရသည်။
ဆင်ခြေဖုံးဒေသများတွင် နေထိုင်သူများအား ကာကွယ်နိုင်ရန်အတွက်
မြေပြင်နှင့် ဝေဟင်မှ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက
ဆောင်ရွက်ခဲ့ကြသည်။
Simi Valley မြို့ရှိ အစိုးရစာသင်ကျောင်းများ
စီမံခန့်ခွဲရေးဌာနကလည်း မေ ၁၉ ရက်အတွက် စာသင်ချိန်အားလုံးကို ပိတ်ပေးခဲ့သည်။ ထို့ပြင်
ဗန်တူရာနှင့် လော့စ်အိန်ဂျလိစ် ဒေသများအတွက် လေထုအရည်အသွေးဆိုင်ရာ သတိပေးချက်များကိုလည်း
ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ထားသည်။ ထူထပ်သော မီးခိုးငွေ့များသည် ဒေသအနှံ့လွှမ်းခြုံနေပြီး
ဒေသခံများက တောမီးအား အမြန်ဆုံးထိန်းချုပ်နိုင်ရေး မျှော်လင့်နေကြကြောင်း သိရသည်။
ဆင်ဟွာ

No comments