ကမ္ဘာကြီးသည် စွမ်းအင်နှင့် စီးပွားရေးကဏ္ဍတို့၌ အဓိကစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာစွမ်းအင် အေဂျင်စီပြော




ပါရီ မေ ၁

ကမ္ဘာကြီးသည် စွမ်းအင်နှင့် စီးပွားရေးကဏ္ဍတွင် အဓိကစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (အိုင်အီးအေ) ၏ အမှုဆောင်ဒါရိုက်တာ ဖာတစ်ဘီရိုးလ်က ဧပြီ ၃၀ ရက်တွင် ပြောကြား လိုက်သည်။


ပါရီမြို့တွင် (၃၁) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP 31)အဖွဲ့နှင့် နိုင်ငံတကာစွမ်း အင်အေဂျင်စီတို့ ပူးပေါင်းကျင်းပသော အဆင့်မြင့်စွမ်းအင်ပြောင်းလဲရေး ဆွေးနွေးပွဲအတွင်း ဘီရိုးလ်က ထိုသို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။


ကမ္ဘာကြီးသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိပြီး ရေနံနှင့်စွမ်းအင် ဈေးကွက်များတွင်လည်း ဆိုးရွားသည့် အနှောင့်အယှက်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


တူကီယဲ၏ သဘာဝပတ်ဝန်းကျင်၊ မြို့ပြနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးလည်းဖြစ်သည့်အပြင် COP 31 အစည်းအဝေး၏နောင်လာမည့် ဥက္ကဋ္ဌအဖြစ် သတ်မှတ်လျာထားခြင်းခံရသူလည်းဖြစ်သည့် မူရက်ကူရမ်က သန့်ရှင်းသော စွမ်းအင်အဖြစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရန် တောင်းဆိုခဲ့သည်။


ထို့အပြင် ကမ္ဘာ့စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုမှုပုံစံကို ပြောင်းလဲရမည်ဖြစ်ပြီး ထိုပြောင်းလဲမှုကို အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးလုပ်ဆောင်ချက်ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။


ကမ္ဘာကြီးကို ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုစေချင်သူများက အမှုမဲ့အမှတ်မဲ့ မရည်ရွယ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ကမ္ဘာတစ်ဝန်း ပိုမိုတိုးချဲ့သုံးစွဲချင်လာအောင် အားပေးလျက်ရှိသည်ဟု ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲ ရေးဆိုင်ရာ အမှုဆောင်အတွင်းရေးမှူး ဆိုင်မွန်စတီးလ်က ပြောကြားလိုက်ပြီး ယင်းအခြေအနေကို အလွန် ကြီးမားသည့် ဆန့်ကျင်ဘက်အံ့သြဖွယ်ဖြစ်ရပ်ကြီးအဖြစ် တင်စားပြောကြားခဲ့သည်။


အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေးကွက် အလားအလာသည်လည်း သိသိသာသာပြောင်းလဲ သွားခဲ့ရသည်။

ဆင်ဟွာ

No comments

Powered by Blogger.