သီရိလင်္ကာနှင့်ဗီယက်နမ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး
ကိုလံဘို မေ ၈
သီရိလင်္ကာနှင့်
ဗီယက်နမ်နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
နားလည်မှုစာချွန်လွှာ ငါးခုကို ယနေ့ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
သီရိလင်္ကာသမ္မတ
အနုရ ကုမာရ ဒိသာနာယကနှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့်
နိုင်ငံတော်သမ္မတ တိုလမ်တို့က မြို့တော်ကိုလံဘိုရှိ သီရိလင်္ကာသမ္မတရုံး၌
ကျင်းပသည့် အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နားလည်မှုစာချွန်လွှာများတွင်
ရဲသင်တန်းများ၊ သိပ္ပံနည်းကျ သုတေသနပြုခြင်း၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့်
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
ခေါင်းဆောင်နှစ်ဦးက
နှစ်နိုင်ငံဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဖက်ဆက်ဆံရေးအဖြစ်သို့
အဆင့်မြှင့်တင်ခဲ့ကြကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်မှုပမာဏ
အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိမြှင့်တင်ရန် နှစ်ဖက်စလုံးက အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
နှစ်နိုင်ငံခေါင်းဆောင်များက ကတိပြုခဲ့ကြောင်း သိရသည်။ ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည် ဖော်ရန်လည်း
သဘောတူညီခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အောင်ကျော်ကျော်
No comments