ဟန်တာဗိုင်းရပ်စ်ကူးစက်မှု အများပြည်သူကျန်းမာရေးအတွက် အန္တရာယ်မဖြစ်နိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲ ပြောကြား



ကုလသမဂ္ဂ မေ ၈

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ် အက်ဒါနွမ် ဂါဘရီယီဆက်စ်က ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသော အပျော်စီးသင်္ဘောနှင့်ဆက်စပ်၍ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ပိုများလာနိုင်ကြောင်း ပြောကြားသော်လည်း အများပြည်သူကျန်းမာရေးအတွက် အန္တရာယ် မဖြစ်နိုင်ကြောင်း ယနေ့ ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက အပျော်စီးသင်္ဘော ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်သည် အလွန်ဆိုးရွားသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

 

သင်္ဘောနှင့် ဆက်စပ်နေသည့် နောက်ထပ်ဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦးကို အတည်ပြုခဲ့ပြီး သံသယရှိသူ သုံးဦးအပါအဝင် စုစုပေါင်းရှစ်ဦးအထိ တိုးလာကြောင်းနှင့် သုံးဦးသေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဟန်တာဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသည့် ကြွက်များမှထွက်ရှိသော ဆီး၊ အစက်များ သို့မဟုတ် တံတွေးတို့မှ ကူးစက်စေကြောင်းသိရသည်။

 

ဖျားနာသူအများအပြားကို စမ်းသပ်စစ်ဆေးရာတွင် Andes ဗိုင်းရပ်စ်ပိုးရှိနေကြောင်း အတည်ပြုခဲ့ပြီး ယင်းဗိုင်းရပ်စ်သည် ယခင်က တောင်အမေရိကရှိ လူသားများကြားတွင် ပျံ့နှံ့ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။ Andes ဗိုင်းရပ်စ်ပိုးသည် ဟန်တာဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်သည်။

 

Andes ဗိုင်းရပ်စ်ပေါက်ပွားသည့် ကာလသည် ရက်သတ္တခြောက်ပတ်အထိ ကြာမြင့်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။ လက်ရှိကူးစက်မှုအခြေအနေသည် သင်္ဘောပေါ်တွင် ဖြစ်ပွားသည့်အတွက် ထိန်းချုပ်နိုင်ပြီး ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါကူးစက်မှု မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကူးစက်ရောဂါနှင့် ကူးစက်ရောဂါစီမံခန့်ခွဲမှုဒါရိုက်တာ မာရီယာ ဗန်ကာခိုဗီက ပြောကြားခဲ့သည်။

 

အဆိုပါ အပျော်စီးသင်္ဘောသည် လက်ရှိတွင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရွက်လွှင့်လျက်ရှိသည်။ စပိန်နိုင်ငံ၏ ကာနေရီကျွန်းစုများအနက် တစ်ခုဖြစ်သည့် တီနီရီဖီကျွန်းသို့ မေ ၁၀ ရက်တွင် ရောက်ရှိနိုင်ဖွယ်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်တစ်ဦး အပါအဝင် နယ်သာလန်မှ ဆရာဝန်နှစ်ဦးနှင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ဥရောပစင်တာမှ ပညာရှင်တစ်ဦးတို့က ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ရန် အဆိုပါအပျော်စီးသင်္ဘောသို့ သွားရောက်လျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။

 

သင်္ဘောပေါ်၌ လိုက်ပါစီးနင်းသူတိုင်းကို ဆေးဘက်ဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုများ ပြုလုပ်နေပြီး ၎င်းတို့၏ ကူးစက်နိုင်ခြေကို အကဲဖြတ်ရန် အချက်အလက်များ စုဆောင်းနေကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထပ်လောင်း ပြောကြားခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.