နိုင်ငံ့အကျိုးထမ်းရွက်ကြသူ ထာဝရ တစ်သက်တာ လူရည်ချွန်ကြီးများ
ကေကေ
"ကိုယ်၊ စိတ်၊ ပညာ" သုံးပါးစလုံးတွင် အများထက် ထူးကဲသာလွန်သော
အရည်အသွေးရှိပြီး အများအကျိုးကို ဆောင်ရွက်ကြသူများအား လူရည်ချွန်ဟု သတ်မှတ်ကြသည်။
ပညာရေးထူးချွန်မှု၊ ကိုယ်ကျင့် တရားကောင်းမွန်မှု၊
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ အသိပညာကြွယ်ဝမှု၊ ဖြတ်ထိုး ဉာဏ်ရင့်သန်မှု
အပါအဝင် ဘက်စုံထူးချွန်သူများလည်းဖြစ်သည်။
ကောက်ရိုးမီးကဲ့သို့
ကြိုးစားမှုဖြင့် လူရည်ချွန်မဖြစ်နိုင်ပါ။ ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးခြင်းမှ
လူရည်ချွန်များအဖြစ် တွေ့မြင်ရခြင်းဖြစ်သည်။ ထိုကဲ့သို့ ဘက်စုံထူးချွန်သည့်
အရည်အသွေးများကို ရရှိအောင် ကြိုးစားကျော်ဖြတ်လာကြသည့် လူရည်ချွန်များသည်ဘဝ
တစ်လျှောက်လုံးတွင်လည်း မိမိတို့၏အရည်အသွေးများဖြင့် နိုင်ငံနှင့် အများပြည်သူအကျိုးကို
ထမ်းဆောင်နိုင်ကြသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြသည်။
ထို့ကြောင့်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် လူရည်ချွန်
မောင်မယ်များအား တွေ့ဆုံသြဝါဒအမှာစကား ပြောကြားရာတွင် လူရည်ချွန်ဖြစ်ခဲ့သူသည်
တစ်သက် တာ လူရည်ချွန်ပင်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံ့အနာဂတ်အတွက် ကြိုတင်ပြုစုပျိုးထောင်
လူငယ်လူရည်ချွန်များအဖြစ်
မွေးဖွားခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်သည့်အခါ ပညာထူးချွန်ရုံသာမက
ဘက်စုံတော်သည့် ကျောင်းသားကျောင်းသူများကို ပြုစုပျိုးထောင်ပေး ရန်ရည်ရွယ်ပြီး
၁၉၆၄ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် သမိုင်းဝင်စီမံကိန်းတစ်ခု။ လူရည်ချွန်
စီမံကိန်းအဖြစ် နိုင်ငံတော်အစိုးရက ဘက်စုံပညာ ထူးချွန်ပြောင်မြောက်သော
နိုင်ငံချစ်သားကောင်း သမီးမွန်များကို မွေးထုတ်ပေးသည်။ လူရည်ချွန် စီမံကိန်းသည်
နိုင်ငံတော်အစိုးရက အများထက် သာလွန်ထူးချွန်သည့် နိုင်ငံချစ်သားကောင်း သမီးမွန်ကို
ရွေးချယ်စုစည်းပြီး နိုင်ငံ့အနာဂတ်အတွက် ကြိုတင်ပြုစုပျိုးထောင်ခြင်းလည်းဖြစ်သည်။
၁၉၆၄
ခုနှစ်ကစတင်ခဲ့သည့် လူရည်ချွန်စီမံကိန်းတွင် ပါဝင်ခဲ့သော ကျောင်းသား ကျောင်းသူ
လူငယ်များသည် မျက်မှောက်နိုင်ငံတော်အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအဖြစ် နိုင်ငံ့တာဝန်ကို
ဦးဆွေးဆံမြည့် ထမ်းရွက်လျက် ရှိကြသည်။
ထို့အတူ
သွေးချင်းတိုင်းရင်းသားလူရည်ချွန် အရာထမ်းကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင် များစွာတို့က
နယ်ပယ်ကဏ္ဍစုံတွင် နိုင်ငံ့အကျိုးအတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လူရည်ချွန်ကြီးများသည်တစ်ချိန်က နိုင်ငံတော်က ပြုစုပျိုးထောင်ပေးခဲ့သည့်
ကျောင်းသား ကျောင်းသူ လူငယ်များပင်။
နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေကြသော လူရည်ချွန်ကြီး ၁၂ ဦး
မကြာမီကဖွဲ့စည်းခဲ့သည့်
နိုင်ငံတော်အစိုးရသစ်တွင် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေကြသော လူရည်ချွန်ကြီး
၁၂ ဦး၏အကြောင်းကို လည်း လှစ်ဟရေးသား၍ ဂုဏ်ပြုလိုပါသည်။
၁၉၆၉ ခုနှစ်
(သတ္တမတန်း-စစ်တွေမြို့)၊ ၁၉၇၀ ပြည့်နှစ် (အဋ္ဌမတန်း-စစ်ကိုင်းမြို့) နှင့် ၁၉၇၁
ခုနှစ် (နဝမတန်း-မြောင်းမြမြို့) တို့တွင် သုံးနှစ်ဆက်တိုက် ရွေးချယ်ခဲ့ရသည့်
သုံးထပ်ကွမ်းလူရည်ချွန် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်ဖြင့် အစပြုလိုပါသည်။
ယခုတိုင်အောင် နိုင်ငံတော်အကျိုး၊ ပြည်သူ့ အကျိုး ဆောင်ရွက်နေသည့်အပြင် ဥပဒေရေးရာ
ဘက်စုံကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသားများ၏ စိတ်ဓာတ်နှင့်
ယဉ်ကျေးမှုကိုပါ မြှင့်တင်ပေးနေသည့် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ပြင် ရခိုင်တိုင်းရင်းသားတို့၏
ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဇာတိသွေး ဇာတိမာန်ကို ဖော်ကျူးသည့်
တေးသီချင်းများစွာကို ရေးသားသီဆိုခဲ့သည့် အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။ “ရိုးရာကမမ၊
ဝီးလို့ကျန်လိုက်မြို့ စစ်တွေ၊ နဝရူပဗျာလ” သီချင်းတို့သည် သူ၏ထင်ရှားသော အနုပညာလက်ရာမွန်များဖြစ်သည်။
ထို့အတူ အနုပညာကို ချစ်မြတ်နိုးပြီး ယနေ့အထိ ရခိုင် အနုပညာနှင့် စာပေကဏ္ဍဖွံ့ဖြိုးရေးအတွက်
တက်ကြွစွာ ပါဝင်ကူညီလျက်ရှိသည့် ချီးကျူးဖွယ် “လူရည်ချွန်” စိတ်ဓာတ်ရှိသူ
တစ်ဦးဖြစ်သည်။
ထပ်မံရေးသားဖော်ပြလိုသည့်
လူရည်ချွန်ကြီးတစ်ဦးမှာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဖြစ်သည်။ ၁၉၈၂
ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ အခြေခံပညာအဆင့်မြင့်တန်း
ကျောင်းတွင် ဒသမတန်းလူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်တွင်
ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန်အဆင့်အထိ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။
လက်ရှိတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင် နေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် ဦးဆောင်
ထမ်းရွက်ပြုနေသည့် ပြည်သူ့ရှေ့ဆောင် လူရည်ချွန် ကြီးဖြစ်ပါသည်။
ထို့အတူ
ပြည်သူ့ရှေ့ဆောင်လူရည်ချွန်ကြီး တစ်ဦးဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
မောင်သင်း၏ နိုင်ငံအတွက်၊ ပြည်သူအတွက် ဆောင်ရွက်မှုများကိုလည်း ဖော်ပြလိုပါသည်။
ပညာ ရေးကဏ္ဍတွင် မန္တလေးတက္ကသိုလ်နှင့် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်
တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့ပြင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အဖြစ် လွှတ်တော်၌ ဒေသ ဖွံ့ဖြိုးရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ပညာရေး (စာပေ) သာမက စည်းကမ်းနှင့် ကိုယ်ကျင့်တရားအပိုင်းတွင်ပါ စံပြဖြစ်အောင်
ကြိုးစားခဲ့သူ
ထို့ပြင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် “ဘက်စုံထူးချွန်ရမည်” ဆိုသည့်
စံနှုန်းအတိုင်း ပညာရေး (စာပေ) သာမက စည်းကမ်းနှင့် ကိုယ်ကျင့်တရားအပိုင်းတွင်ပါ
စံပြဖြစ်အောင် ကြိုးစားခဲ့သူဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် မော်လမြိုင်ကောလိပ်
ပထမနှစ်တွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် လူငယ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး လူရည်ချွန်ရွေးချယ်မှုများကို
ပိုမိုစနစ်တကျဖြစ်စေရေး၊ ရွေးချယ်ခံရသည့် လူငယ်များအား နိုင်ငံတကာအဆင့်အထိ ထိတွေ့မှုရှိစေရေးတို့အတွက်
မူဝါဒပိုင်းဆိုင်ရာများကို အဓိကပံ့ပိုးပေးလျက်ရှိသည့်
ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည်။
“လူရည်ချွန်ဖြစ်ဖို့
ကျွန်တော်ကြိုးစားမည်၊ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ မြန်မာ့
သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်” ဟူသည့်
ကျွန်တော့်ရည်မှန်းချက် သီချင်းစာသားကဲ့သို့ လူရည်ချွန်၊ ဆရာဝန်၊ ပြည်ချစ်တပ်မတော်သားဖြစ်ခဲ့သူမှာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဖြစ်သည်။ ၁၉၇၃ ခုနှစ်၌ ဘားအံ မြို့ အထက(၁)
သတ္တမတန်းတွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယခုအခါ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာစိုးဝင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများအပါအဝင် လူမှုကာကွယ် စောင့်ရှောက်ရေး
လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည်။
ထို့အတူ
လူရည်ချွန်ကြီး ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ယခင်က နိုင်ငံတော်ကာကွယ်
ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ကျေပွန်စွာတာဝန်ထမ်းဆောင်ခဲ့သည်။
ဘက်စုံထူးချွန်မှု ရှိသည့် လူရည်ချွန်ကြီးတစ်ဦးဖြစ်သည်။ ၁၉၈၆ ခုနှစ်၌ ပဲခူးကောလိပ်
ပထမနှစ်တွင် လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊
လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအပြင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊
အုပ်ချုပ်ရေး ကိစ္စရပ်များကို စေ့စေ့ငုငု လေ့လာခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါ
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတကာမျက်နှာစာနှင့် ထိတွေ့ ဆက်ဆံသည့်
တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်သည်။
ထပ်မံ၍
ဖော်ပြလိုသည်မှာ ထူးချွန်လူရည်ချွန်ဖြစ်ခဲ့သည့် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၏
အကြောင်းပင်။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အခြေခံအဆောက်အအုံ
ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လူမျိုးများ၏
လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ
ဖြစ်သည်။ ၁၉၈၁ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် အခြေခံပညာအလယ်တန်း တက်ရောက်စဉ်
လူရည်ချွန် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် လူရည်ချွန်ကြီးတစ်ဦးဖြစ်သည့်အတွက်
လူရည်ချွန် မောင်မယ်များ၏ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားပြီး လူရည်ချွန်များ၏
လူမှုရေးရာကိစ္စရပ်များကို တက်ကြွစွာ ပါဝင်ကူညီလေ့ရှိသူဖြစ်သည်။ ယခုအခါ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်ဖြင့်
တိုင်းရင်းသားများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် ယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများကို
ဦးစီးဦးရွက်ပြု ထမ်းဆောင်လျက်ရှိသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင်
လူရည်ချွန်ကြီး ရခိုင်တိုင်းရင်းသားဖြစ်သူ ပြည်ထောင်စု ဝန်ကြီးနှင့် လူရည်ချွန်ကြီး
ရှမ်းတိုင်းရင်းသားဖြစ်သူ ဒုတိယဝန်ကြီးတို့၏ ဦးဆောင် တာဝန် ထမ်းဆောင်မှုကလည်း
ထူးခြားမှု တစ်ခုဖြစ်သည်။
အလားတူ
မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင်
တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည်လည်း ထင်ရှားသည့်
လူရည်ချွန်ကြီး တစ်ဦးဖြစ်သည်။ ၁၉၇၈- ၁၉၇၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း
တက်ရောက်စဉ် လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဒုတိယဝန်ကြီး
ဒေါက်တာအေးထွန်းသည် ပြည်သူ့ ကျန်းမာရေးကဏ္ဍအပေါ် အလေးထားကြိုးပမ်းပေးသူဖြစ်သည်။
ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုရေး၊ နိုင်ငံတကာဆေးပညာရှင်များနှင့် ပူးပေါင်း၍
ဆေးပညာဖလှယ်ရေးနှင့် ဆေးဝါး ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊
ဆေးရုံများနှင့် ဆေးတက္ကသိုလ်များ၏ လုပ်ငန်းစဉ်များ ပိုမိုသွက်လက်မြန်ဆန်စေရေးတို့ကို
ကြိုးပမ်းဖော်ဆောင် ပေးလျက်ရှိသည်။ ထို့ပြင် လူရည်ချွန်ကြီးတစ်ဦးအနေဖြင့်
လူရည်ချွန်မောင်မယ်များ၏ လှုပ်ရှားမှုများ နှင့် ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီလျက်ရှိသည်။
ထို့အတူ
ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးသည် ရာထူးတာဝန်အဆင့်ဆင့်ဖြင့် နိုင်ငံနှင့်
ပြည်သူ့ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးချွန်လူရည်ချွန်
အမျိုးသမီးတစ်ဦးဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာ
အထက်တန်းကျောင်း ဒသမတန်းတွင် လူရည်ချွန် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ယခုအခါ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်ဖြင့်
ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအတွက် တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်နေသည့်
“လူရည်ချွန်ပညာရှင်” တစ်ဦးဖြစ်သည်။
နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နေသည့် အမျိုးသမီးစွမ်းဆောင်ရှင်
ထို့ပြင်
အမျိုးသမီး လူရည်ချွန်ကြီးတစ်ဦးအကြောင်းကို ထပ်မံတင်ပြလိုပါသည်။ လက်ရှိ အစိုးရ အဖွဲ့တွင်
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူကား
ဒေါက်တာရင်ရင်နွယ်။
ဒေါက်တာရင်ရင်နွယ်သည်
၁၉၆၈ ခုနှစ် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် စတုတ္ထနှစ်တွင် ရွေးချယ်ခံရသည့်
လူရည်ချွန်ဖြစ်သည်။ ပြီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်၊ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် UNICEF တွင်လည်း
တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍစုံတွင် တက်ကြွစွာ
ပါဝင်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နေသည့်
အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦး ဖြစ်သည်။ လူရည်ချွန်ကြီးများထဲမှ နိုင်ငံတော်အဆင့်
တာဝန်များကို ယနေ့အထိ ထူးထူးချွန်ချွန် တာဝန် ထမ်းဆောင်နေဆဲ
စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ထပ်မံ၍ဖော်ပြလိုသည့်
အမျိုးသမီးလူရည်ချွန်ကြီးမှာ ဒေါက်တာခင်ချစ်ချစ် ဖြစ်သည်။ ဥပဒေ ပါမောက္ခ (ငြိမ်း)
တစ်ဦးဖြစ်သည်။ နှစ်ထပ်ကွမ်းလူရည်ချွန်ကြီးဖြစ်သည်။ ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ်တို့တွင်
ရန်ကုန်တက္ကသိုလ် တတိယနှစ်နှင့် စတုတ္ထနှစ် လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းခံရသည်။
ဒေါက်တာ ခင်ချစ်ချစ်သည် ဥပဒေပညာ သင်ကြားမှုတွင် အထူးကျွမ်းကျင်ထက်မြက်သူအဖြစ်
ထင်ရှားပြီး လက်ရှိ တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် နိုင်ငံတော်၏
ဝန်ထမ်းအဖွဲ့အစည်းများတွင် လိုအပ်သော ဝန်ထမ်းများကို ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း၊
ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍
ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဦးခင်မောင်လတ်နှင့်
ဒေါက်တာဖြူဖြူအိတို့သည် နိုင်ငံတော်က ပြုစုပျိုးထောင်ခဲ့သည့် နိုင်ငံ့သားကောင်း
လူရည်ချွန်ကြီး များပင်။ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ နှင့် ၁၉၈၂ ခုနှစ် တို့တွင်
လူရည်ချွန်ဖြစ်ခဲ့သည်မှာ နေပြည်တော် ကောင်စီဝင် ဦးခင်မောင်လတ်ဖြစ်သည်။ သူသည်လည်း
တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦး ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်အဆင့် စီမံခန့်ခွဲရေးတာဝန်များကို
ထမ်းဆောင်လျက်ရှိသည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အလားတူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဖြူဖြူအိသည်လည်း ၁၉၇၇၊ ၁၉၇၈
နှင့် ၁၉၈၀ ပြည့်နှစ်တို့တွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ လက်ရှိတွင်
နိုင်ငံတော်၏ ငွေကြေးမူဝါဒရေးရာ ကိစ္စရပ်များအတွက် စွမ်းစွမ်းတမံ
ပါဝင်ထမ်းဆောင်လျက်ရှိသည့် လူရည်ချွန်ကြီး တစ်ဦးဖြစ်သည်။
နိုင်ငံ့တာဝန်များကို ဦးစီးထမ်းရွက်နေကြပြီ
“ယနေ့ လူငယ်
နောင်ဝယ်လူကြီး” ဆိုသကဲ့သို့ တစ်ချိန်က နိုင်ငံတော်က ပြုစုပျိုးထောင်ပေးခဲ့သည့်
လူရည်ချွန် လူရည်မွန်လူငယ်များသည် ယနေ့နိုင်ငံ့တာဝန်များကို
ဦးစီးထမ်းရွက်နေကြပြီဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံတော်က ယနေ့ပြုစုပျိုးထောင်ပေးလျက်ရှိသည့်
လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် နောင်အခါ နိုင်ငံအတွက်၊ ပြည်သူအတွက်
ရှေ့ဆောင်ထမ်းရွက်ကြမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြမည်ဖြစ်သည်။
သို့ဖြစ်ရာ
ယခုတိုင် နိုင်ငံ့တာဝန်များကို ဦးဆွေးဆံမြည့် ပါဝင်ထမ်းရွက်လျက်ရှိသည့် တစ်သက်တာ
သို့မဟုတ် ထာဝရလူရည်ချွန်ကြီးများကဲ့သို့ ယနေ့လူရည်ချွန်မောင်မယ်များ အားလုံးတို့ကလည်း
နိုင်ငံတော် အကျိုးပြုလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရင်း
နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူများက အားကိုးအားထားပြုရသူများ ဖြစ်လာရန်
ကြိုးပမ်းသွားကြမည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
No comments