အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဖလမ်းမြို့သို့ရောက်ရှိ
နေပြည်တော် မေ ၆
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ
နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ
ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး
(Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ
ယာယီစိုးမိုးထားခဲ့သည့် ဖလမ်းမြို့အား ဧပြီ ၂၅ ရက်တွင် တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ဖလမ်းမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ
ယာယီစိုးမိုးထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာ စည်းစိမ်များကို
စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊
လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဘက်ဘက်မှ နိမ့်ကျမှုများ၊ တိုက်ပွဲ၏ အနိဋ္ဌာရုံများကို
ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့် တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်အတွက်
ယခုကဲ့သို့ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြပြီး ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ရသည့် ဒေသခံတိုင်းရင်းသား
ပြည်သူအချို့မှာလည်း ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက် လျက်ရှိကြကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖလမ်းမြို့နယ်နှင့်
ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ
လူမှုစီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင် စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား
ပြန်လည်လည်ပတ်နိုင်ရေး၊ ၎င်းတို့၏မြို့/ရွာများရှိ နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက်
အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားစဉ် ယုတ်မာရိုင်းစိုင်းစွာ၊ အသိတရားကင်းမဲ့စွာဖြင့်
မီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊
ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် အကြမ်းဖက်သမားများ
ရက်စက်ယုတ်မာစွာ လုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်း အန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများအတွင်း
မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ဖလမ်းဒေသခံပြည်သူလူထုအား လိုအပ်သည့်ကူညီထောက်ပံ့မှုများ
ဆောင်ရွက်ပေး သွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊
စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများသည်
လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့်
ကလေးမြို့မှ ထွက်ခွာခဲ့ကြပြီး ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိလာကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက
ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း
တိုက်ပွဲ၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာ
လိုလားကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်
ကလေးငယ်များ၏ ပညာသင်ယူခွင့်တို့ကိုလည်း ယခင်ငြိမ်းချမ်းစဉ် ကာလကဲ့သို့ပင် ပုံမှန်ပြန်လည်
လည်ပတ်စေရန် မျှော်လင့်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဘက်ဘက်က ပျက်စီးဆုံးရှုံးခဲ့ရသည့်
ဖလမ်းမြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်များတွင် တပ်မတော်နှင့်အတူ
ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တပ်မတော်စစ်ကြောင်းများသည်
ဖလမ်းမြို့အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊
ရုံး/ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ပြန်လည်ပြုပြင်ခြင်း
လုပ်ငန်းများကို တပ်မတော်နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်
တပ်မတော်စစ်ကြောင်းများကလည်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့်လုံခြုံ
ရေးလုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments