၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ လူရည်ချွန်စခန်းအသီးသီးသို့ စတင်ထွက်ခွာ၊ ဒေသန္တရလေ့လာရေးခရီးစဉ်များ သွားရောက်
နေပြည်တော် မေ ၆
နေပြည်တော် လူရည်ချွန် အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦးသည် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ရုပ်မြင်သံကြား ထုတ်လွှင့်မှုလုပ်ငန်းများ၊ အသံလွှင့် လုပ်ငန်းများနှင့် စိန်ရတုပြတိုက် တို့ကို ကြည့်ရှုလေ့လာကြသည်။
ကြည့်ရှုလေ့လာ
မွန်းလွဲပိုင်းတွင် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန နေပြည်တော်ပုံနှိပ်စက်စက်ရုံနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်များကို ကြည့်ရှုလေ့လာကြသည်။
အလားတူ ပြင်ဦးလွင်လူရည်ချွန် စခန်းကိုအခြေပြု၍ ဒေသန္တရ ဗဟုသုတများ လေ့လာကြမည့် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၉၆ ဦးနှင့် အုပ်ချုပ်သူ ဆရာ ဆရာမ ၁၈ ဦးသည် နေပြည်တော်စုရပ်စခန်းမှ ပြင်ဦးလွင်သို့ ထွက်ခွာကြပြီး မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ လူရည်ချွန် အပန်းဖြေစခန်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ပန်းစည်းများ ဖြင့်လည်းကောင်း၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့ပြင် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းတွင် အခြေပြုပြီး ဒေသန္တရဗဟုသုတများ ရှာဖွေ ကြမည့် ၂၀၂၆ ခုနှစ် Grade -10 လူရည်ချွန် ကျောင်းသားမောင်မယ် ၁၃၂ ဦး၊ ကြီးကြပ်ဆရာ ဆရာမ ၁၈ ဦးသည် ရှမ်းပြည်နယ် ကလောမြို့သို့ ရောက်ရှိရာ ကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ အင်းလေး ခေါင်တိုင် လူရည်ချွန်စခန်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့နှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်း သားများက သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် ခေါင်တိုင် ကျေးရွာ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိ လာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးမှုတ်၍ လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသ ကြီး ငွေဆောင်လူရည်ချွန်စခန်းတွင် အခြေပြုပြီး ဒေသန္တရ ဗဟုသုတများ ရှာဖွေကြမည့် Grade-11 လူရည်ချွန်မောင်မယ် ၁၃၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ချောင်းသာ လူရည်ချွန်စခန်းတွင် အခြေပြုပြီး ဒေသန္တရ ဗဟုသုတများ ရှာဖွေကြမည့် ပထမနှစ် လူရည်ချွန်မောင်မယ် ၁၄၈ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ဒုတိယနှစ် လူရည်ချွန်မောင်မယ် ၁၄၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး တို့အား ညနေပိုင်းက တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)



No comments