မြို့သစ်မြို့နယ်၌ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်
မကွေး မေ ၆
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်
အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး
စီမံကိန်းအနေဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့က
မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အသေးစားစက်မှု
လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီက ယခုဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်
ပြုပြင်ထိန်းသိမ်းနည်း အခြေခံနှင့် မွမ်းမံသင်တန်းကို ၄၅ ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင်
ကျေးရွာကိုးရွာ၌ လုပ်ငန်းရှင် ၄၅ ဦး၊ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၆ ရွာ၌ လုပ်ငန်းရှင်
၈၀၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၁ ရွာ၌ လုပ်ငန်းရှင် ၁၀၅ ဦး မွေးထုတ်ပေးနိုင်ခဲ့သဖြင့်
ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း မကွေးတိုင်းဒေသကြီးတွင် လုပ်ငန်းရှင် ၂၃၀ ပေါ်ထွန်းလာခဲ့ကြောင်း၊
ယခု ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း ၂၃ ရွာတွင် သင်တန်းများ ဖွင့်လှစ်ရန်လျာထားပြီး
ဖြစ်ကြောင်း၊ ရက် (၁၀၀) အတွင်း စီမံကိန်း ၁၆ ခု ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင်
သင်တန်သားများအား သက်ဆိုင်ရာနည်းပညာရပ်များကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀
ရာခိုင်နှုန်း သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းသားများထဲမှ ထူးချွန်သင်တန်းသား ငါးဦးအား
လုပ်ငန်းသုံးပစ္စည်းများပေးအပ်၍ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)

No comments