အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

 


နေပြည်တော် မေ ၂၆

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ် ဆောက်လုပ်မည့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ရွှေကြာပင်လမ်းနှင့် မြတ်မင်္ဂလာလမ်းထောင့်ရှိ မြေနေရာ၌ ကျင်းပသည်။

 

တက်ရောက်

အခမ်းအနားသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် အင်ဂျင်နီယာချုပ်များ တက်ရောက်ကြသည်။

 

ဦးစွာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောက်လုပ်မည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက ဗဟို ပန္နက်တိုင်ကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမြို့တော်ဝန် ဦးကံမြင့်သန်းနှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်တို့က သတ်မှတ်နေရာအသီးသီးရှိ ပန္နက်တိုင်များကိုလည်းကောင်း မင်္ဂလာပန္နက်တော် တင်ကြပြီး မင်္ဂလာပန်းကြဲခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ကြကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန တည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုသည်။

 

အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန နှစ်ထပ်အဆောက်အအုံသစ်အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၏ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ကျခံသုံးစွဲတည်ဆောက်ခြင်းဖြစ်ပြီး မြေဧက ၈ ဒသမ ၅ ဧက အကျယ်အဝန်းရှိကြောင်း၊ အဆောက်အအုံ၏ ပထမထပ်တွင် စုစုပေါင်း အခန်း ၄၁ ခန်းနှင့် မြေညီထပ်တွင် အစည်းအဝေးများ ပြုလုပ်နိုင်ရန် အင်အား ၁၈၀ ခန့် ဝင်ဆံ့သည့် ခန်းမတစ်ခန်း၊ ၂၀၀ ခန့် ဝင်ဆံ့သည့် ထမင်းစားခန်း တစ်ခန်းအပါအဝင် စုစုပေါင်း ၄၂ ခန်း ပါဝင်ကြောင်းနှင့် ငလျင်ဒဏ်ခံနှစ်ထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.