မကွေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
မကွေး မေ ၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စက်နှင့် ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်နှင့်
ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက
မကွေးမြို့ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးခင်မောင်လှိုင်က မိမိတို့ဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာ
အသင်းအဖွဲ့များနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံပြီး လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊
အထူးသဖြင့် ကုန်စည်စီးဆင်းမှု တည်ငြိမ်မှန်ကန်စေရန်နှင့် ဈေးကွက်အချက်အချာကျသည့် မြို့ကြီးများရှိ
ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမျှတစွာ ယှဉ်ပြိုင်ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့်
ပို့ကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာစေရေး အလေးထား
ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ
တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ
ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments