ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသူများအား လှည့်လည်ကြည့်ရှုအားပေး

 


စစ်တွေ မေ ၇

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြသည့် ပြည်သူများကို စားသောက်ဖွယ်ရာများပေးအပ်သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဆေးရုံးအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံကြီးတွင် အသုံးမပြုနိုင်သည့် စက်ကိရိယာများအစား လိုအပ်သော စက်ကိရိယာများ၊ ဆေးဝါးများနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန်နှင့် အခက်အခဲများရှိပါက တင်ပြပေးကြစေလိုကြောင်း၊ ဒေသခံပြည်သူလူထု အားကိုးအားထားပြုရသော ဆေးရုံကြီးတစ်ခုဖြစ်လာအောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ရှင်းလင်းတင်ပြ

ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ယင်းနောက် ဆေးရုံကြီးအတွင်း ကျောက်ကပ်သန့်စင်ခန်း၊ ဆေးသိုလှောင်ခန်း၊ သွေးလှူဘဏ်၊ ရောဂါရှာဖွေရေးဌာန၊ ဓာတ်မှန်ဌာနတို့ရှိ စက်ကိရိယာများ အသုံးပြုနေမှုနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ဆက်လက်၍ ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့် ပြည်သူများကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.