မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲ တနင်္ဂနွေနေ့ နံနက်အစောပိုင်း ကျင်းပမည်


ရန်ကုန် မေ ၈

 

မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲကို မြန်မာစံတော်ချိန် မေ ၁၀ ရက် (တနင်္ဂနွေနေ့) နံနက်အစောပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။

 

UFC 328 ပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ဒေသစံတော်ချိန် မေ ၉ ရက် ညပိုင်း (မြန်မာစံတော်ချိန် နံနက်အစောပိုင်း) တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဂျိုရှုအာဗန်၏ ချန်ပီယံကာကွယ်ပွဲကို Co Main Event အဖြစ် ပြုလုပ်မည်ဖြစ်သည်။ ဂျိုရှုအာဗန်သည် ဂျပန်ဖိုက်တာ တက်ဆုရိုတိုင်ရာနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးထိုးသတ်ရမည့် ချန်ပီယံကာကွယ်ပွဲလည်း ဖြစ်သည်။ ယခင်က ဂျိုရှုအာဗန်၏ ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၁၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဒဏ်ရာအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ဒီဇင်ဘာတွင် ထိုးသတ်သည့်ပွဲ၌ ပန်တိုဂျာကို အနိုင်ယူပြီးနောက် ကမ္ဘာ့ချန်ပီယံဖြစ်လာပြီး ငါးလ ဝန်းကျင်အကြာတွင် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။

 

ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝတွင် စုစုပေါင်း ၁၈ ပွဲထိုးသတ်ရာ ၁၆ ပွဲနိုင် နှစ်ပွဲ ရှုံးနိမ့်ထားပြီး UFC နှင့် ၁၀ ပွဲထိုးသတ်ရာတွင် ကိုးပွဲနိုင်တစ်ပွဲရှုံးနိမ့်ထားသည်။ ဂျိုရှုအာဗန်သည် UFC တွင် နောက်ဆုံး ခြောက်ပွဲဆက်တိုက်အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။ ဂျိုရှုအာဗန်သည် ၂၀၂၃ ခုနှစ်တွင် နာမည်ကျော် တိုက်ခိုက်ရေးအဖွဲ့အစည်း UFC နှင့် စတင်လက်တွဲပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။ ဂျိုရှုအာဗန်နှင့် ထိုးသတ်မည့် ဂျပန်ဖိုက်တာတက်ဆုရိုသည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝတွင် စုစုပေါင်း ၁၉ ပွဲ ထိုးသတ်ရာ ၁၈ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ၁၆ ပွဲဆက်တိုက် အနိုင်ရခဲ့ဖူးသူ ဖြစ်သည်။

 

သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-UFC

No comments

Powered by Blogger.