ဘာစီလိုနာအသင်းက အန်တိုနီဂေါ်ဒွန်အား ယူရိုသန်း ၈၀ ဖြင့်ခေါ်ယူရန် သဘောတူညီ
စပိန်လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ
နယူးကာဆယ်အသင်း တိုက်စစ်မှူး အန်တိုနီဂေါ်ဒွန် အား ယူရိုသန်း ၈၀ (ပေါင် ၆၉ ဒသမ ၃ သန်း)ဖြင့်
စာချုပ်ချုပ်ဆိုခေါ်ယူရန် သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အန်တိုနီဂေါ်ဒွန်ဟာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းက
ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာပဲ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိနေမယ့် စာချုပ်တစ်ရပ်ချုပ်ဆိုကာ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာ
ဖြစ်ပါတယ်။ အန်တိုနီဂေါ်ဒွန်ဟာ ၂၀၂၃ ခုနှစ်က
အဲဗာတန်အသင်းကနေ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး
အသင်းနဲ့ အတူ ပွဲစဉ် စုစုပေါင်း ၁၅၃ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အန်တိုနီဂေါ်ဒွန်ဟာ
ယခု ဘောလုံးရာသီ မှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ နယူးကာဆယ်အသင်းက
အန်တိုနီဂေါ်ဒွန်ကို ဘာစီလိုနာအသင်းသို့ ရောင်းချရန် သဘော တူညီပြီးဖြစ်တာကြောင့် အဲဗာတန်အသင်းအနေနဲ့
အန်တိုနီဂေါ်ဒွန် ရောင်းရငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိမှာလည်းဖြစ်ပါတယ်။ အန်တိုနီဂေါ်ဒွန်ဟာ
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင် ကစားခွင့်ရရှိထားတာလည်း ဖြစ်ပါတယ်။
ငွေကြယ်

No comments