ပြင်သစ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းဖလား ရုရှားတင်းနစ်မယ် အန်ဒရေဗာ ပထမဆုံးအကြိမ် ဆွတ်ခူး
ရုရှားထိပ်တန်းတင်းနစ်မယ် မေရာအန်ဒရေဗာသည် ပြင်သစ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ
နောက်ဆုံးဗိုလ်လုပွဲတွင် ပိုလန်တင်းနစ်မယ် မာယာခဗာလိန်းရှ်ကာကို ၆-၃၊ ၆-၂ ရလဒ်ဖြင့်
အနိုင်ယူပြီး ပထမဆုံးဂရင်းဆလမ်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အန်ဒရေဗာသည်
၂၀၂၀ ပြည့်နှစ်က အီဂါဆွီယာတက်ခ်နောက်ပိုင်း
ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးနိုင်သည့် ပထမဆုံး
ဆယ်ကျော်သက်တင်းနစ်မယ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ၁၉၉၂ ခုနှစ်တွင်
မိုနီကာဆဲလက်စ်ပြီးနောက် ပြင်သစ်အိုးပင်းဖလားကို ဆွတ်ခူးနိုင်သည့် အသက်အငယ်ဆုံးတင်းနစ်မယ်အဖြစ်လည်း
မှတ်တမ်း ဝင်ခဲ့သည်။
အန်ဒရေဗာသည် ခဗာလိန်းရှ်ကာကို
အနိုင်ယူရန် အချိန်တစ်နာရီနှင့် ၂၂ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရ ကြောင်း သိရသည်။ ၎င်းသည်
ပြိုင်ပွဲတစ်လျှောက်တွင် တိုက်ချ်မန်း၊ ဆာစတီယာ၊
ကော့ကျုခ်နှင့် ခဗာလိန်းရှ်ကာတို့ကို အဆင့်ဆင့်ဖြတ်ကျော်ကာ ပြင်သစ်အိုးပင်းဖလားကို
ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ပြိုင်ဘက်ခဗာလိန်းရှ်ကာသည်
ဆက္ကရီ၊ ပါရီ၊ ကာလင်စကာယာ၊ ရှနိုက်ဒါတို့ကို အသီးသီး ကျော် ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံးဗိုလ်လုပွဲတွင်
အန်ဒရေဗာကို ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားဆွတ်ခူး ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။
အန်ဒရေဗာသည် မေလအစောပိုင်းက
ကျင်းပခဲ့သည့် မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် နောက်ဆုံး ဗိုလ်လု ပွဲအထိ တက်လှမ်းနိုင်ခဲ့သော်လည်း
ပြိုင်ဘက် ယူကရိန်းတင်းနစ်မယ် မာတာကော့ကျုခ်ကို ရှုံးနိမ့် ခဲ့သည့်အတွက် ဖလားဆွတ်ခူးခွင့်
လွဲချော်ထားသူဖြစ်သည်။
၎င်းသည် ယမန်နှစ်က ပြင်သစ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင်
ကွာတားဖိုင်နယ်အဆင့် အထိသာ တက်လှမ်းနိုင်ခဲ့သည်။
မိုးဇက်

No comments