ယီမင်နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၂၈၅ သန်းတန် စီမံကိန်းအကူအညီများကို ကမ္ဘာ့ဘဏ်အတည်ပြု



အေဒင်   ဇွန်  

ပဋိပက္ခဒဏ်ကို နှစ်ရှည်လများ ခံစားနေရသည့် ယီမင်နိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို အထောက်အကူပြုနိုင်ရန် ၂၀၂၆-၂၀၃၀ ပြည့်နှစ် ကာလအတွက် နိုင်ငံပူးပေါင်းဆောင်ရွက်မှု မူဘောင်သစ်တစ်ရပ်နှင့် အမေရိကန်ဒေါ်လာ ၂၈၅ သန်းတန်ဖိုးရှိ ဖွံ့ဖြိုးရေးစီမံကိန်းလေးခုကို ကမ္ဘာ့ဘဏ်အုပ်စုက အတည်ပြုခဲ့ကြောင်း ယီမင်အစိုးရက  ဇွန် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

အဓိကထားဆောင်ရွက်မည်

အဆိုပါ မူဘောင်သစ်သည် ယီမင်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ကိုက်ညီ စွာ အာဟာရပြည့်ဝရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ထို့ပြင် စီမံကိန်းလေးခုသည် ကျန်းမာရေး၊ ရေအရင်းအမြစ်၊ မြို့ပြဝန်ဆောင်မှုနှင့် အုပ်ချုပ်မှုကဏ္ဍ များကို   လွှမ်းခြုံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဋိပက္ခများအတွင်း နစ်မွန်းခဲ့ရ

ယီမင်နိုင်ငံသည် ၂၀၁၄ ခုနှစ်မှစတင်၍ ဟူသီအကြမ်းဖက်အဖွဲ့က မြို့တော်ဆာနားနှင့် နိုင်ငံ မြောက်ပိုင်းရှိ နေရာအများအပြားကို  ထိန်းချုပ်ခဲ့ပြီးနောက် ပဋိပက္ခများအတွင်း နစ်မွန်းခဲ့ရသည်။ ယင်းအခြေအနေကြောင့်   ၂၀၁၅ ခုနှစ်တွင် ဆော်ဒီအာရေဗျဦးဆောင်သည့်  မဟာမိတ်အဖွဲ့က  ယီမင်အစိုးရကို  ထောက်ခံအားပေးရန်  စစ်ရေးအရ ပါဝင်လာခဲ့သည်။

အဆိုပါ ပဋိပက္ခများကြောင့် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများအနက် တစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်းသန်းနှင့်ချီ၍ အစားအစာမလုံလောက်မှု ပြဿနာနှင့်   ရင်ဆိုင်ခဲ့ရသကဲ့သို့   အခြေခံဝန်ဆောင်မှုများလည်း  ဆုံးရှုံးခဲ့ရကြောင်း  သိရသည်။ ကမ္ဘာ့ဘဏ်သည် ၂၀၂၃ ခုနှစ်တွင် အေဒင်မြို့၌ ပူးပေါင်းဆောင်ရွက်ရေးရုံးကို ပြန်လည်ဖွင့်လှစ် ခဲ့သည်။

ဆင်ဟွာ

No comments

Powered by Blogger.