ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောဝပ်ဘုရားကျောင်းသို့ ၂၀၂၆ ခုနှစ် ပထမ ငါးလအတွင်း နိုင်ငံခြားခရီးသွား ၃၅၉၄၇၁ ဦး ဝင်ရောက်
ဇွန် ၁
ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောဝပ် ရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၆ ခုနှစ် ပထမ ငါးလအတွင်း နိုင်ငံတကာခရီးသွား စုစုပေါင်း ၃၅၉၄၇၁ ဦး ရောက်ရှိခဲ့ရာ ယခင်နှစ်ကနိုင်ငံတကာခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၃၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်သောအန်ကောဝပ်သည် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်း ရရှိခဲ့ရာ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် အန်ကောဝပ် အင်တာပရိုက်စ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆီယမ်ရိပ်ပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိသော ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် အန်ကောဝပ်ဥယျာဉ်သည် နိုင်ငံ၏အထင်ရှားဆုံး ခရီးသွားနေရာဖြစ်ပြီး ကိုးရာစုမှ ၁၃ ရာစုအထိ တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ခု ရှိသည်ဟု သိရသည်။
ကမ္ဘောဒီးယားနည်းပညာနှင့်သိပ္ပံတက္ကသိုလ်၏ တရုတ်-အာဆီယံလေ့လာရေးစင်တာမှ ဒုတိယ ညွှန်ကြားရေးမှူး သွန် မန်ဒေးဗစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုကျဆင်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစီးပွားရေးနှေးကွေးမှု၊ အွန်လိုင်းလိမ်လည်မှုပြဿနာနှင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခများကြောင့်ဖြစ်နိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ပိုမိုဆိုးရွားလာခဲ့ပြီး လောင်စာဆီဈေးနှုန်းများ သိသိသာသာမြင့်တက်ကာ လေယာဉ်ခရီးစဉ်အချို့ကိုအနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments