မက္ကဆီကို-အမေရိကန် လုံခြုံရေးနှင့် ရွှေ့ပြောင်းအခြေချရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်



မက္ကဆီကိုစီးတီး   ဇွန်  ၁၀

မက္ကဆီကိုနိုင်ငံသည်  နယ်စပ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ အရေးအပါအဝင် အရေးပါသော ကိစ္စရပ်များနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့်  ပူးပေါင်း ဆောင်ရွက်မှုအားကောင်းစေရန်  ယခုသီတင်းပတ်အတွင်း  တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း  နိုင်ငံခြားရေးဝန်ကြီး ရော်ဘတ်တို ဗီလပ်စကိုက ဇွန် ၉ ရက်တွင် ပြောကြားသည်။

ဇွန် ၁၂ ရက်တွင် ဆွေးနွေးမည်

မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့မှ လုံခြုံရေးဆိုင်ရာ လုပ်ငန်းအဖွဲ့များသည် နယ်စပ်လုံခြုံ ရေး၊ ဖင်တနိုင်း(Fentanyl) မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတိုက်ဖျက်ရေးနှင့် တရားမဝင်ငွေကြေး စီးဆင်းမှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် မက္ကဆီကို စီးတီးတွင်  လာမည့် ဇွန် ၁၂ ရက်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဗီလပ်စကိုက ပြောသည်။

မာကိုရူဘီယိုနှင့် ဆက်သွယ်ဆွေးနွေးခဲ့

ထို့အပြင် အမေရိကန်ပြည်ထောင်စု–ကနေဒါ–မက္ကဆီကို သဘောတူညီချက်နှင့်ပတ်သက်သော ညှိနှိုင်းဆွေးနွေးမှုများအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး၏  အရေးပါသော ကိစ္စရပ်များကို လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ရန်  ဇွန် ၈ ရက်တွင်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့်      ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်းလည်း ဗီလပ်စကိုက ပြောကြားသည်။

မကြာသေးမီလများအတွင်း မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နယ်စပ်လုံခြုံရေး၊ ရွှေ့ပြောင်းအခြေချနေထိုင်သူများ အရေးနှင့် ဖင်တနိုင်းမှောင်ခိုကူးမှုတိုက်ဖျက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ထားကြောင်း သိရသည်။               

ဆင်ဟွာ

No comments

Powered by Blogger.