ထိုင်းနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးအဆောက်အအုံများတွင် ဆိုလာလျှပ်စစ်စနစ် သုံးစွဲဆောင်ရွက်မည်
ဗန်ကောက် ဇွန်
၂၃
ထိုင်းအစိုးရသည် အစိမ်းရောင်ဆေးရုံမူဝါဒကို
မြှင့်တင်သည့်အနေဖြင့် ပြည်သူ့ကျန်းမာရေး အဆောက်အအုံများတွင် ဆိုလာလျှပ်စစ်စနစ် သုံးစွဲဆောင်ရွက်မည်ဖြစ်ကြောင်း
ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပရီဝီ ဝတ်တနက ဇွန် ၂၂ ရက်တွင် ပြောကြားသည်။
၎င်းအစီအစဉ်အရ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ
လျှပ်စစ်အာဏာပိုင်အဖွဲ့တို့ ပူးပေါင်း၍ ဆေးရုံခေါင်မိုးများတွင် ဆိုလာလျှပ်စစ်စနစ်
တပ်ဆင်မည်ဖြစ်ပြီး စမ်းသပ်ဆောင်ရွက် မည့်အဆင့်တွင် တစ်နိုင်ငံ လုံးရှိ ဆေးရုံ ၂၅ ရုံတွင်
ဆောင်ရွက်မည်ဖြစ်သည်။ ဆေးရုံခေါင်မိုးများတွင် ဆိုလာလျှပ်စစ် စနစ်များတပ်ဆင်ခြင်းဖြင့် လျှပ်စစ်ဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ချနိုင်မည်
ဖြစ်ပြီး စွမ်းအင်ဖူလုံမှုကို ရရှိစေမည်ဖြစ်သည်။
ယခုအစီအစဉ်အရ စမ်းသပ်ဆေးရုံ
၂၅ ရုံ သည် တစ်နှစ်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့
ထုတ်လွှတ်မှု ၇၂၁၁ တန် လျှော့ချရန် ခန့်မှန်းထားပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်တွင်
ဘတ် ၅၅ သန်း သက်သာစေမည်ဖြစ်ကြောင်း လာလီဒါက ပြောကြားခဲ့သည်။
အစိုးရသည် အမျိုးသားစွမ်းအင်လုံခြုံရေးကို
အားကောင်းစေရန်နှင့် စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ရန်
ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး
ပတ္တနာပရိုမ်ဖတ်က ပြောကြားခဲ့သည်။ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို သဘာဝ
ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရေးနှင့် စွမ်းအင်ထိရောက်မှုရှိစေရေးအတွက် ပြည်သူ့ကျန်းမာ
ရေးဝန်ကြီးဌာနက မူဝါကို မြှင့်တင်ဆောင်ရွက်နေကြောင်း သိရသည်။ ဒေသဆိုင်ရာလျှပ်စစ် အာဏာပိုင်အဖွဲ့အနေဖြင့်
ဘေးကင်းရေး၊ ထိရောက်မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကို သေချာစေ ရန် ဒီဇိုင်းရေးဆွဲခြင်း၊
တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအပါအဝင် ပြည့်စုံသော နေရောင်ခြည် စွမ်းအင်သုံး
စွမ်းအင်စီမံ ခန့်ခွဲမှုကို ပံ့ပိုးပေးသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပိုလာပီ ဆူဝန်ချွီက ပြောကြားသည်။
အစိုးရအနေဖြင့် ရေရှည်တည်တံ့သော
လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးခြင်း၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို မြှင့်တင်ခြင်းနှင့်
နိုင်ငံ၏ ကာဗွန်ကင်းစင်ရေးဆီသို့ ဦးတည်မှုကို မြှင့်တင် ပေးခြင်းဖြင့် တစ်နိုင်ငံလုံးရှိ ဆေးရုံများအားလုံးသို့ နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းကို မြှင့်တင်
ဆောင်ရွက်ရန် စီစဉ်ထားကြောင်း လာလီဒါက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments