တောင်ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၆ တွင် မြန်မာပြခန်း ပါဝင်ပြသ

 



ဆိုးလ် ဇွန် ၂၆

 

တောင်ကိုရီးယားသွင်းကုန်ပြပွဲ (Korea Import Expo 2026 - KIE 2026) ကို ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ COEX (Hall B) ၌ ကျင်းပရာ မြန်မာသံရုံး ဆိုးလ်မြို့၏ အစီအစဉ်ဖြင့် မြန်မာပြခန်း (Myanmar Pavilion) ပါဝင်ပြသပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

KIE 2026 ပြပွဲကို တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ Korea Trade-Investment Promotion Agency (KOTRA) နှင့် ဆိုးလ်မြို့ရှိ နိုင်ငံခြားသံရုံးများ၏ ပူးပေါင်းပါဝင်မှုဖြင့် Korea Importers Association (KOIMA) က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

 

ပြပွဲဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပရာ KOIMA ဥက္ကဋ္ဌ၊ ဆိုးလ်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ASEAN-Korea Centre (AKC) အတွင်းရေးမှူးချုပ်၊ AKC မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြန်မာသံရုံး ဆိုးလ်မြို့မှ သံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်သည်။ KIE 2026 ပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံကိုယ်စားပြု ပြခန်းများ၊ ကုမ္ပဏီများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းစုစုပေါင်း ၅၅ ခုတို့က ပြခန်းပေါင်း ၁၆၆ ခန်းဖြင့် ပါဝင်ပြသသည်။

 

မြန်မာပြခန်းကို ပြခန်းအမှတ် F06 ၌ ဖွင့်လှစ်ပြသပြီး မြန်မာ့ပေါ်ဆန်းမွှေးဆန်၊ ကော်ဖီ၊ ပဲအမျိုးမျိုး၊ အသင့်စား စားသောက်ကုန်များ၊ ထောပတ်သီးဆီ (Avocado Extra Virgin Oil)နှင့် မြန်မာ့လက်မှုပစ္စည်းများဖြစ်သည့် ယွန်းထည်နှင့် ကြိမ်ထည်ပစ္စည်းများကို ခင်းကျင်းပြသသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုဒေသများနှင့် ခရီးစဉ်များကို Digital Display ဖြင့် ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

 

No comments

Powered by Blogger.