နိုင်ငံ့စီးပွားရေးအင်အားစုဖြစ်သည့် MSME များ၏ အရေးပါမှု
ကိုချင်း
မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးမောင်းနှင်အားတွင်
အဓိကကျောရိုးအဖြစ် ရပ်တည်နေကြသည်မှာ စီးပွားရေးအဖွဲ့အစည်းလုပ်ငန်းကြီးများသာမက ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and
Medium-sized Enterprises - MSMEs) များလည်း အပါအဝင်ဖြစ်ပါသည်။ ထိုလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့်
တန်ဖိုးကို အသိအမှတ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ ၂၇ ရက်နေ့ကို “ကမ္ဘာ့ MSME နေ့
(World MSME Day)” အဖြစ် ကမ္ဘာတစ်ဝန်းလုံးတွင် သတ်မှတ်ကျင်းပကြပါသည်။
ကမ္ဘာ့ MSME နေ့ ဖြစ်ပေါ်လာပုံ
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသည်
ကမ္ဘာတစ်ဝန်း ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ရရှိစေရန်အတွက် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable
Development Goals - SDGs)” ကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါသည်။ ထိုသို့အကောင်အထည်ဖော်ရာတွင်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) သည် ဆင်းရဲနွမ်းပါးမှုကို
လျှော့ချပေးနိုင်ခြင်း၊ လူသားအရင်းအမြစ်များကို မြှင့်တင်ပေးနိုင်ခြင်းနှင့် ဆန်းသစ်တီထွင်မှုများကို
ဖြစ်ထွန်းစေခြင်းစသည့် အဓိကမောင်းနှင်အားများ ဖြစ်နေသည်ကို ကုလသမဂ္ဂက အလေးအနက်သတိပြုမိလာခဲ့
ပါသည်။
ထို့ကြောင့် နိုင်ငံတကာအသေးစားစီးပွားရေးလုပ်ငန်းများကောင်စီ
(International Council for Small Business - ICSB) ၏ ကနဦးတွန်းအားပေးတင်ပြချက်အရ အာဂျင်တီးနားနိုင်ငံက
ဦးဆောင်၍ ကုလသမဂ္ဂတွင် MSME များအတွက် သီးသန့်နေ့ရက် တစ်ရက်သတ်မှတ်ပေးရန် အဆိုပြုခဲ့ပါသည်။
ဤအဆိုပြုချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်က ထောက်ခံခဲ့ကြပြီးနောက်
၂၀၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကျင်းပခဲ့သော (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်
ဆုံးဖြတ်ချက်အမှတ် ၇၁/၂၇၉ (Resolution 71/279) ကို ကန့်ကွက်သူမရှိဘဲ အတည်ပြုချမှတ်
နိုင်ခဲ့ပါသည်။
ဤဆုံးဖြတ်ချက်ကို ချမှတ်ရာတွင်
ကုလသမဂ္ဂ အနေဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် “ကျွန်ုပ်တို့၏
ကမ္ဘာမြေကို အသွင်ကူးပြောင်းခြင်း-၂ဝ၃ဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်”
(ဆုံးဖြတ်ချက်အမှတ်- ၇၀/၁)နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာငွေရှာဖွေခြင်းဆိုင်ရာ
“အက်ဒစ်အာဘာဘာလုပ်ငန်းစဉ် (Addis Ababa Action Agenda)” (ဆုံးဖြတ် ချက်အမှတ်- ၆၉/၃၁၃)
တို့ကို အခြေခံ၍ ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်ပါသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ
(SDGs)ကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် ဘဏ္ဍာငွေရှာဖွေခြင်းဆိုင်ရာ စိန်ခေါ်မှုများကို
ဖြေရှင်းရန်နှင့် အထောက်အကူပြုမည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် ခိုင်မာသော
ကတိကဝတ်များ လိုအပ်ကြောင်းကိုလည်း ဤဆုံးဖြတ် ချက်တွင် အလေးပေးဖော်ပြခဲ့ပါသည်။
အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ်
ဇွန်လ ၂၇ ရက်နေ့ကို “ကမ္ဘာ့ MSME နေ့” ဟု ကမ္ဘာလုံးဆိုင်ရာ တရားဝင်သတ်မှတ်ခဲ့ပြီး ပထမဦးဆုံးသော
အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ
ကုလသမဂ္ဂဌာနချုပ်၌ အောင်မြင်စွာ စတင်ကျင်းပခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ
အစိုးရများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် ပုဂ္ဂလိကကဏ္ဍများသည် MSME လုပ်ငန်းများ၏ အခန်းကဏ္ဍကို
ပိုမိုမြှင့်တင်ပေးရန်နှင့် ၎င်းတို့ရင်ဆိုင်နေရသော အခက်အခဲများကို ဝိုင်းဝန်းကူညီ
ဖြေရှင်းပေးရန်အတွက် ဤနေ့ရက်တွင် အထိမ်းအမှတ်လှုပ်ရှားမှုများကို နှစ်စဉ်မပျက် ကျင်းပလာခဲ့
ကြခြင်းဖြစ်ပါသည်။
စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် အရေးပါပုံ
ကမ္ဘာ့ကုလသမဂ္ဂ၏ စာရင်းဇယားများအရ
MSME များသည် ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ ၉၀% ခန့်အထိရှိနေပြီး ကမ္ဘာ့ကုန်ထုတ်လုပ်မှု
(Global GDP) ၏ ၅၀% ခန့်ကို ဆောင်ရွက်ပေးနေပါသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ အလုပ်အကိုင်အားလုံး၏
၆၀% မှ ၇၀% အထိကို ဤလုပ်ငန်းများကပင် ဖန်တီးပေးထားခြင်းဖြစ်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
အမျိုးသမီးများ၊ လူငယ်များနှင့် ဝင်ငွေနည်းပါးသော အုပ်စုများအတွက် အဓိကဝင်ငွေရလမ်းမှာ
MSME လုပ်ငန်းများပင်ဖြစ်သောကြောင့် စီးပွားရေး၏ အသက်သွေးကြောဟု ဆိုနိုင်ပါသည်။
ယနေ့ခေတ် စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့်လမ်း
မျက်မှောက်ခေတ်တွင် MSME လုပ်ငန်းများ
သည် ရာသီဥတုပြောင်းလဲမှု၊ စီးပွားရေးမတည်ငြိမ်မှု များနှင့် ဒီဂျစ်တယ်ကူးပြောင်းမှု
အရှိန်အဟုန် မြန်ဆန်လာခြင်း စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရပါသည်။ ထို့ကြောင့်
“ကမ္ဘာ့ MSME နေ့” တွင် နှစ်စဉ် ဆောင်ပုဒ်အမျိုးမျိုးဖြင့် နှီးနှောဖလှယ်ပွဲများ ပြုလုပ်ကာ
လုပ်ငန်းများ ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရေး၊ စိမ်းလန်းစိုပြည်သော စီးပွားရေး
လုပ်ငန်းဖြစ်လာ စေရေးနှင့် ရန်ပုံငွေအလွယ်တကူ လက်လှမ်းမီရရှိစေရေးတို့ကို အဓိကထား ဆွေးနွေးအဖြေရှာ
ကြရမည်ဖြစ်ပါသည်။
၂၀၂၆ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင်
ကျရောက် မည့် (၁၀) ကြိမ်မြောက် “ကမ္ဘာ့ MSME နေ့” အခမ်းအနားအတွက် ကုလသမဂ္ဂက သတ်မှတ်ထားသော
ဆောင်ပုဒ်မှာ “The Future Generation of MSMEs (အနာဂတ်မျိုးဆက်သစ် အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ)” ဖြစ်ပါသည်။ ဆောင်ပုဒ်၏ဆိုလိုရင်းမှာ နည်းပညာတစ်ဟုန်ထိုး
တိုးတက်လာသည့်ခေတ်တွင် ရေရှည်တည်တံ့ပြီး လူသားဗဟိုပြုသော စီးပွားရေးပုံစံသစ်သို့ ကူးပြောင်းခြင်းကို
ဖော်ဆောင်ရန် MSME များ ကိုယ်တိုင်၏ အနာဂတ်မျိုးဆက်ကို မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ပါသည်။
ဈေးကွက်စီးပွားရေးစနစ်နှင့် MSME တို့၏ဆက်စပ်မှု
ဈေးကွက်စီးပွားရေးစနစ်နှင့် အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သည် ခွဲထုတ်၍မရအောင် နက်ရှိုင်းစွာ
ဆက်စပ်နေပြီး နိုင်ငံ့စီးပွားရေးကို အပြန်အလှန်တွန်းအား ပေးနေကြပါသည်။ ဈေးကွက်စီးပွားရေးစနစ်သည်
လွတ်လပ်စွာလုပ်ကိုင်ခွင့်ကို ဖော်ဆောင်ပေးထား သဖြင့် MSME များ အများအပြား ပေါ်ထွန်းလာပြီး
ထိုသို့ပေါ်ထွန်းလာခြင်းက စီးပွားရေး လက်ဝါးကြီးအုပ်မှုကို တားဆီးပေးကာ စားသုံးသူများအတွက်
မျှတသောဈေးနှုန်းနှင့် အရည်အသွေး ကို ရရှိစေပါသည်။
တစ်ဖက်တွင်လည်း MSME လုပ်ငန်းများသည်
နိုင်ငံတစ်နိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်း အများစုကို ဖန်တီးပေးပြီး ပြည်သူများထံ
ဝင်ငွေစီးဆင်းစေကာ စီးပွားရေးယန္တရားကြီး တစ်ခုလုံး လည်ပတ်နိုင်မည့် ဝယ်လိုအားကို မြှင့်တင်ပေးပါသည်။
၎င်းအပြင် MSME များသည် ဈေးကွက် အပြောင်းအလဲကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင်
ပြောင်းလဲနိုင်စွမ်းရှိပြီး ဆန်းသစ်တီထွင်မှုများကို အစဉ်မပြတ်ဖော်ဆောင်ပေးသကဲ့သို့
လုပ်ငန်းကြီးများအတွက် လိုအပ်သောကုန်ကြမ်းနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့မှုကွင်းဆက်အဖြစ်
ပံ့ပိုးပေးလျက်ရှိပါသည်။
ထို့ကြောင့် ဈေးကွက်စီးပွားရေးစနစ်သည်
MSME များ ရှင်သန်ပေါက်ဖွားရာ မြေဆီလွှာကောင်းဖြစ်ပြီး MSME များသည် ထိုစီးပွားရေးစနစ်အား
အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်အောင် မောင်းနှင်ပေးသည့် အင်ဂျင်များပင် ဖြစ်ပါသည်။
စီးပွားရေးစနစ်နှင့် စက်မှုလက်မှုကဏ္ဍအပေါ် သက်ရောက်မှုများ
ဈေးကွက်စီးပွားရေးစနစ်သည် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို
အပြည့်အဝအာမခံပြီး လုပ်ငန်းများကို ဝယ်လိုအားနှင့် ရောင်းလိုအား ယန္တရားအတိုင်း လွတ်လပ်စွာလည်ပတ်စေပါသည်။
ကိုယ်ပိုင်အကျိုးအမြတ်ရရှိရေးနှင့် လွတ်လပ်စွာယှဉ်ပြိုင်မှုကို အခြေခံသဖြင့် ဈေးနှုန်းများသည်လည်း
ဈေးကွက်အလိုက် အလိုအလျောက် အတက်အကျရှိပါသည်။ ဤစနစ်သည် မိမိအရည်အချင်းအလိုက် MSME များကို
လွတ်လပ်စွာ စတင်တည်ထောင်ခွင့်ပေးထားသောကြောင့် စီးပွားရေး၏ အဓိကမောင်းနှင်အား ဖြစ်စေပါသည်။
ထို့အပြင် ပုဂ္ဂလိကဦးဆောင်မှုကို အပြည့်အဝခွင့်ပြုထားသဖြင့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများက
မိမိတို့အစီအစဉ်ဖြင့် စက်ရုံများကို လွတ်လပ်စွာ တည်ထောင်ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
(FDI) များလည်း အဟန့်အတားမရှိ လွတ်လပ်စွာ စီးဝင်နိုင်ပါသည်။
ဈေးကွက်စီးပွားရေးစနစ်ရှိ စက်ရုံများသည်
ဈေးကွက်အတွင်းရှိ အမှန်တကယ်ဝယ်လိုအား အပေါ်မူတည်၍ မည်သည့်ပစ္စည်းထုတ်လုပ်မည်ကို လျင်မြန်စွာ
ဆုံးဖြတ်နိုင်ကြသဖြင့် လုပ်ငန်းကြီးများနှင့် MSME များအကြား ထောက်ပံ့မှုကွင်းဆက်
(Supply Chain) ချိတ်ဆက်မှု ပိုမိုအားကောင်းလာပါသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် ပြိုင်ဆိုင်မှု
ပြင်းထန်ခြင်းကြောင့် စက်ရုံများသည် နည်းပညာအသစ်များနှင့် အရည်အသွေးစံနှုန်းများကို
အစဉ်တစိုက် ဆန်းသစ်မြှင့်တင်ကြရပြီး အလုပ်သမားများ၏ လစာနှင့်ရာထူးကိုလည်း စွမ်းဆောင်ရည်အပေါ်
မူတည်၍ တရားမျှတစွာ ဆုံးဖြတ်ကြပါသည်။
အရင်းရှင်စနစ်မှ ခေတ်သစ်ဈေးကွက် စီးပွားရေးစနစ်သို့
ပြောင်းလဲလာပုံ
၁၈ ရာစုမှ ၂၀ ရာစုအစောပိုင်းအထိ
ကျင့်သုံးခဲ့သော အရင်းရှင်စနစ်သည် အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုလုံးဝမရှိသော လွတ်လပ်လွန်းသည့်
ဈေးကွက်ပုံစံဖြစ်ပါသည်။ ထိုသို့ထိန်းကျောင်းမှု မရှိခြင်းကြောင့် လုပ်ငန်းကြီးများက
ဈေးကွက်ကို လက်ဝါးကြီးအုပ်ခြင်းနှင့် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်းများဖြစ်လာကာ
နောက်ဆုံး ၁၉၂၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနှင့် ကြုံတွေ့ရပြီး ဤစနစ်မှာ ရှေ့ဆက်၍မရတော့ကြောင်း
သက်သေ ပြခဲ့ပါသည်။
ကမ္ဘာ့စီးပွားပျက်ကပ်ကြီးအပြီးတွင်
ဈေးကွက်လည်ပတ်ရန် အစိုးရ၏အခန်းကဏ္ဍလိုအပ်ကြောင်း လက်ခံလာကြပါသည်။ ထို့ကြောင့် အစိုးရများသည်
ဈေးကွက်ထဲသို့ တိုက်ရိုက်ဝင်ရောက် စီးပွားပြိုင်လုပ်ခြင်းမျိုးမဟုတ်ဘဲ ဈေးကွက်ကမောက်ကမ
မဖြစ်စေရန်နှင့် မတရားမှုများကို တားဆီးရန် အတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ခြင်းနှင့်
ဘဏ်၊ ငွေကြေးစနစ်ကို ထိန်းချုပ်ခြင်း စသည့် စည်းမျဉ်းစည်းကမ်းများကို စတင်ချမှတ်လာခဲ့ပါသည်။
အရင်းရှင်စနစ်၏ ကောင်းကွက်ဖြစ်သည့်
ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် များကို ဆက်လက်ထိန်းသိမ်းခဲ့ကြကာ
ဈေးကွက်စီးပွားရေးစနစ်၏ အားနည်းချက်များကို အစိုးရက မူဝါဒများဖြင့် ဝိုင်းဝန်းထိန်းကျောင်းပေးရပါသည်။
ဤစနစ်တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍတို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြပြီး
လူမှုဖူလုံရေး၊ ပြည်သူ့ကျန်းမာရေးနှင့် MSME များ ရှင်သန်နိုင်ရန် နိုင်ငံတော်က မူဝါဒအကူအညီများ
ပေးသည့်အပြင် ဒေသတွင်းနှင့်ကမ္ဘာ့ဈေးကွက်များနှင့်ပါ ချိတ်ဆက်လည်ပတ်သော လွတ်လပ်သော
ကုန်သွယ်မှုပုံစံဖြစ်လာခဲ့ပါသည်။
အရင်းရှင်စနစ်မှ စျေးကွက်စီးပွားရေးစနစ်သို့
ပြောင်းလဲလာခြင်းသည် အမြတ်တစ်ခုတည်းကို သာကြည့်ပြီး စည်းမဲ့ကမ်းမဲ့ဖြစ်ခဲ့သည့် အရင်းရှင်
စနစ်ကို ပိုမိုမျှတပြီး အများပြည်သူအကျိုးပြုသည့် စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများ
ပေါင်းစပ်ကာ စနစ်တကျလည်ပတ်သော စျေးကွက်စီးပွားရေး စနစ်အဖြစ် အဆင့်မြှင့်တင်ပြောင်းလဲလာခဲ့ခြင်း
ဖြစ်ပါသည်။
MSME များ ပေါ်ထွန်းလာပုံ သမိုင်းကြောင်း
လုပ်ငန်းပမာဏအလိုက် သီးခြားခွဲခြားပြီး
ခေါ်ဆိုသည့်အသုံးအနှုန်းများ မရှိခဲ့သော်လည်း အခြေခံအဆင့် အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည်
စက်မှုတော်လှန် ရေး ၁၈ ရာစုမတိုင်ခင် သမိုင်းဦးကတည်းက ဒေသတွင်း၌ တည်ရှိနေခဲ့ကြပါသည်။
မိသားစုအလိုက် ရက်ကန်းရက်လုပ်ခြင်း၊ ပန်းပဲလုပ်ငန်း၊ အိုးလုပ်ငန်းနှင့် ဖိနပ်ချုပ်လုပ်ငန်းငယ်လေးများသည်
ခေတ်သစ် MSME များ၏ အစဦး ပုံသဏ္ဌာန်များပင်ဖြစ်ကြပါသည်။
ကမ္ဘာ့စီးပွားရေးမူဝါဒတွင် တရားဝင်ပေါ်ထွန်းလာပြီး
ယနေ့ခေတ်တွင် အသုံးပြုနေကြသည့် MSMEs ဟူသော တရားဝင်အခေါ်အဝေါ်နှင့် မူဝါဒပိုင်းဆိုင်ရာများသည်
၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ထင်ထင်ရှားရှား ပေါ်ထွန်းလာခဲ့ပါသည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင်
ဖြစ်ပွားခဲ့သော ကမ္ဘာ့ ရေနံအကျပ်အတည်းကြောင့် အကြီးစားစက်ရုံကြီးများ ပြင်းထန်စွာရိုက်ခတ်မှုခံရချိန်တွင်
ပျော့ပျောင်း လျင်မြန်သော လုပ်ငန်းငယ်လေးများက အကျပ်အတည်းဒဏ်ကို ပိုမိုခံနိုင်ရည်ရှိကြောင်း
တွေ့ရှိခဲ့ရခြင်း၊ ၁၉၇၃ ခုနှစ်တွင် စီးပွားရေးပညာရှင် Ernst Friedrich Schumacher ရေးသားထုတ်ဝေခဲ့သော
“Small is Beautiful” စာအုပ်ကြောင့် ပြည်သူလူထုအခြေပြု အသေးစားလုပ်ငန်းလေးများကသာ ရေရှည်
တည်တံ့သောဖွံ့ဖြိုးမှုကိုပေးနိုင်မည်ဟု ကမ္ဘာ့ စီးပွားရေးအမြင် ပြောင်းလဲခဲ့ခြင်းနှင့်
ကမ္ဘာ့ဘဏ်အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများက ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအတွက်
MSMEs ကဏ္ဍကို ကူညီပံ့ပိုးမည့် မူဝါဒများကို တရားဝင် စတင်ချမှတ် လာခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။
အသေးဆုံးလုပ်ငန်း (Micro) အဆင့်
ပိုမိုထင်ရှားလာပုံမှာ မူလက SMEs ဟုသာ သုံးနှုန်းရာမှ ၁၉၉၀ ပြည့်လွန်နှစ်များတွင်
“Micro-enterprises” ဟု ခေါ်သော အိမ်တွင်းတစ်နိုင်တစ်ပိုင် သို့မဟုတ် တစ်ဦးတည်းလုပ်ကိုင်သည့်
အသေးဆုံးလုပ်ငန်းများကိုပါ ထည့်သွင်းကာ MSMEs ဟု ပိုမိုကျယ်ပြန့်စွာ သတ်မှတ်လာကြပါသည်။
ဤအပြောင်းအလဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Grameen Bank ၏ အသေးစားချေးငွေစနစ်
(Microfinance) ကမ္ဘာတစ်ဝန်းတွင် အောင်မြင်လာမှုနှင့် တိုက်ရိုက်သက်ဆိုင် နေပြီး အရင်းအနှီးအလွန်နည်းပါးသော
အခြေခံလူတန်းစားများ၏ လုပ်ငန်းလေးများကိုပါ မူဝါဒအောက် သွတ်သွင်းပံ့ပိုးရန်အတွက် ဖြစ်လာခဲ့ပါသည်။
လုပ်ငန်းသဘာဝအရ စက်မှုတော်လှန်ရေး
ကာလကတည်းက အရင်းရှင်လုပ်ငန်းကြီးများ၏ ဘေးတွင် အသေးစားလုပ်ငန်းလေးများ ရှိနေခဲ့သော်လည်း
ကမ္ဘာ့စီးပွားရေးကို ဟန်ချက်ညီညီ မောင်းနှင်ပေး နိုင်သည့် “မဟာဗျူဟာမြောက် ကဏ္ဍတစ်ခု”
အဖြစ် MSME များအတွက် နိုင်ငံတကာအစိုးရများနှင့် စီးပွားရေးပညာရှင်များက တရားဝင်အသိ
အမှတ်ပြုကာ မူဝါဒချမှတ် မြှင့်တင်လာခဲ့ကြခြင်း သည် ၁၉၇၀-၁၉၈၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့ခြင်း
ဖြစ်ပါသည်။
နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်များနှင့် မြန်မာ့
MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော
စီးပွားရေးလုပ်ငန်း စုစုပေါင်း၏ ၉၈% ကျော်သည် MSME များဖြစ်ကြသဖြင့် နိုင်ငံတော်အနေဖြင့်
ပြည်တွင်းစီးပွားရေးကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်အဆင့် မြှင့်တင်ရန် စီးပွားရေးဦးတည်ချက်
ချမှတ်ထားပါသည်။ အထူးသဖြင့် ပြည်တွင်းကုန်ကြမ်း အခြေခံကုန်ထုတ်လုပ်မှုကို ပထမဦးစားပေးအဖြစ်
သတ်မှတ်ကာ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရန် နည်းပညာနှင့် ရန်ပုံငွေများ
ပံ့ပိုးရန် လမ်းညွှန်ထားပြီး ဈေးကွက်လိုအပ်ချက်ကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သော
ပြောင်းလွယ်ပြင်လွယ်ရှိမှုသည် မြန်မာ့ MSME များ၏ အားသာချက်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း
လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်းသာ ပြည်ပသို့ စျေးပေါပေါဖြင့် တင်ပို့နေရဆဲဖြစ်ပါသည်။
နိုင်ငံတော်၏ မူဝါဒနှင့် သဘာဝ သယံဇာတတည်ရှိမှုအရ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်
မြေပဲနှင့် နှမ်းအခြေခံ ဆီသန့် လုပ်ငန်းများ၊ ဝဥဆန်နှင့် ဝဥမှုန့်လုပ်ငန်းများ၊ ဝါဂွမ်းအခြေခံစက်မှုလုပ်ငန်းနှင့်
ဝါးချည်မျှင်ထုတ်လုပ်မှု လုပ်ငန်းများကို မြှင့်တင်ရန်လိုအပ်ပါသည်။ ထို့ပြင် စွမ်းအင်နှင့်
စက်မှုအထောက်အကူပြုကွင်းဆက် ကဏ္ဍအတွက် လျှပ်စစ်မီးအခက်အခဲကို ကျော်လွှားနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး
အခြောက်ခံစနစ်များနှင့် အသေးစားဇီဝဒြပ်ထု (Biomass) လောင်စာစနစ်များကို အသုံးပြုရမည်ဖြစ်ပြီး
အခြေခံအဆောက်အအုံ စက်ရုံကြီးများအတွက် လိုအပ်သော အပိုပစ္စည်းများ ပံ့ပိုးနိုင်မည့်
အသေးစားစက်မှုလက်မှု အလုပ်ရုံငယ်များကို Supply Chain အဖြစ်ချိတ်ဆက် ပေးရန် လိုအပ်ပါသည်။
မြန်မာ့ MSME များသည် ရန်ပုံငွေအကန့်အသတ်ရှိခြင်း၊
ခေတ်မီနည်းပညာနှင့် စက်ယန္တရား လိုအပ်ခြင်း၊ ပြည်ပသို့ ယှဉ်ပြိုင်တင်ပို့နိုင်ရန် နည်းပညာဆိုင်ရာ
စစ်ဆေးမှုစံနှုန်းများ အားနည်းခြင်း စသည့်စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရပါသည်။
နိုင်ငံတော်၏ မူဝါဒပါရည်မှန်းချက်များ အောင်မြင်ရန်အတွက် သုတေသနနှင့် လက်တွေ့ကုန်ထုတ်လုပ်မှုကို
ပေါင်းကူးပေးမည့် တတ်သိပညာရှင်များ၏ အကြံဉာဏ်များကို အစိုးရ၏ မူဝါဒရေးရာများတွင် စနစ်တကျ
ထည့်သွင်းအသုံးချပြီး နည်းပညာ ကွာဟချက်ကို ဖြည့်ဆည်းပေးရမည် ဖြစ်ပါသည်။
ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိက၏
စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်ကို မွေးဖွားပေးသည်မှာ MSME များပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ
၂၀၂၆ ခုနှစ်၏ “ကမ္ဘာ့ MSME နေ့” တွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပေးရုံမျှမကဘဲ
ပြည်တွင်းလုပ်ငန်းငယ်လေးများ လွတ်လပ်စွာရှင်သန်နိုင်မည့် မျှတသော မြေဆီလွှာကို ဖန်တီးပေးရန်နှင့်
နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများအတိုင်း နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို
လက်တွေ့ကျကျ ဆက်လက်ပံ့ပိုးပေးရန် လိုအပ်ပါသည်။ သို့မှသာ မြန်မာ့ MSME များ အားကောင်းမောင်းသန်ဖြစ်လာပြီး
ခေတ်သစ်မြန်မာ့စီးပွားရေးအင်ဂျင်မှာလည်း အရှိန်အဟုန်ပြင်းစွာဖြင့် ပြန်လည် လည်ပတ်လာမည်ဖြစ်ပါသည်။
မြန်မာ့ MSME များသည် နိုင်ငံ့စီးပွားရေး၏
ကျောရိုးဖြစ်ရုံသာမက အနာဂတ်မျိုးဆက်သစ်များ၏ အိပ်မက်များကို သယ်ဆောင်သွားသော ယာဉ်တစ်စီးလည်းဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ကျွန်ုပ်တို့ပြုစု ပျိုးထောင်ပေးသော MSME သစ်ပင်ငယ်များသည် မနက်ဖြန်
ဧရာမသစ်တောကြီး ဖြစ်လာမည်ကို ယုံကြည်မိပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးယန္တရားတစ်ခုလုံး
လည်ပတ်နိုင်အောင် နောက်ကွယ်က ပံ့ပိုးမောင်းနှင်ပေးနေသည့် MSME များအား ဂုဏ်ပြုလျက်
ဤဆောင်းပါးကို ရေးသားတင်ပြအပ်ပါသည်။

No comments