ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်း ၁၂၈၉၉ ဧက စိုက်ပျိုးပြီးစီး
ငဖဲ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ မန်းချောင်းရေလှောင်တမံဆည်၊
ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် မိုးသီးနှံနှမ်း ၁၂၃၉၃
ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ ၁၂၈၉၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထားချက်ထက်
၅၀၆ ဧက ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့သည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်တွင် မိုးသီးနှံများအဖြစ်
စပါး၊ မြေပဲ၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ငရုတ်စို၊ ဖူးစားပြောင်းနှင့် နှမ်းများကို
အများဆုံးစိုက်ပျိုးကြ ရာ မိုးနှမ်းစိုက်ပျိုးမှု လျာထားချက်ထက် ပိုမိုစိုက်ပျိုးကြကြောင်း၊
ယခင်နှစ်က မိုးနှမ်း ၁၂၈၉၁ ဧက
စိုက်ပျိုး နိုင်ခဲ့ပြီး တစ်ဧက အထွက်နှုန်း ၈ ဒသမ ၇၇ တင်းခန့် ထွက်ရှိသည်။
ယခုနှစ် မိုးရာသီ နှမ်းသီးနှံကို ကျေးရွာအုပ်စုများတွင်
စမုန်နက်နှမ်းမျိုး ၅၁၇၇ ဧက၊ ဆင်းရတနာ-၃ ၃၄၂၂ ဧကနှင့် သိပ္ပံနှမ်းနက် ဧက ၄၃၀၀ စုစုပေါင်း
၁၂၈၉၉ ဧက စိုက်ပျိုးပြီးစီးပြီး ၎င်းတို့အနက်မှ ပန်းတိုင်အထွက်နှုန်းရရှိရေး ဧက ၂၁၅၀
လျာထားကြောင်းနှင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက်
ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ဦးဆောင်ကြီးကြပ်၍
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာကွင်းဝန်ထမ်းများက ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
မယု(ငဖဲ)

No comments