လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၁၅ ဦး သေဆုံး



ဘေရွတ်   မေ  ၃၁

လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ မေ ၂၉ ရက်မှ ၃၀ ရက်အထိ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ၁၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ပြောကြားခဲ့သည်။

သေဆုံးသူများတွင် ဆေးမှူးများနှင့် ဆီးရီးယားအမျိုးသားတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် နာဘာတီခရိုင် အီဘာရွာရှိ လမ်းမကြီးတစ်ခုပေါ်တွင် လက်ဘနွန်တပ်မတော်၏ ယာဉ် တစ်စီးသည် အစ္စရေးမောင်းသူမဲ့ လေယာဉ်ဖြင့်တိုက်မိခဲ့ရာ တပ်မတော်သားနှစ်ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်းနှင့် ၎င်းတို့အား ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း လက်ဘနွန်တပ်မတော်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

မတ် ၂ ရက်မှ   စတင်သည့် ပဋိပက္ခများကြောင့်  သေဆုံးသူ ၃၃၇၁ ဦးရှိပြီး ၁၀၁၂၉ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း လက်ဘနွန်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ် စစ်ဆင်ရေးဌာနက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေး၏  တိုက်ခိုက်မှုများကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် လက်ဘနွန်နိုင်ငံသည် အရေးကြီးသောအဆင့် တစ်ခုကို ရင်ဆိုင်နေရကြောင်း လက်ဘနွန်ဝန်ကြီးချုပ် နဝဖ်ဆလမ်က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အစ္စရေးသည် သီးခြားပစ်မှတ်များထက် ကျော်လွန်၍ မြို့များ၊ ကျေးရွာများနှင့်   အရပ်သားအခြေခံ အဆောက်အအုံများကို ထိမှန်စေသော ကျယ်ပြန့်သည့် ဖျက်ဆီးမှုများကို  လုပ်ဆောင်ခဲ့ကြောင်း လက်ဘနွန်ဝန်ကြီးချုပ် နဝဖ် ဆလမ်က စွပ်စွဲပြောကြားသည်။

သို့သော် အစ္စရေးမှ အပြည့်အဝ ဆုတ်ခွာရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ နေရပ်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ညှိနှိုင်းမှုများအပါအဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ဘနွန်က ဆက်လက်ကတိပြုထားကြောင်း လက်ဘနွန်ဝန်ကြီးချုပ် နဝဖ် ဆလမ်က ပြောကြား ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းရှိ ဆာဖက်နှင့် နာဟာ ရီယာမြို့များဆီသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း အသေ အပျောက်မရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ဧပြီလလယ်ပိုင်းမှစပြီး အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက အစ္စရေးတပ်ဖွဲ့ဝင်များ သည် လစ်တာနီမြစ်မြောက်ဘက်၌ စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်   နေတန်ယာဟုက ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုအရှိန်မြင့်တက်လာခြင်းသည် လက်ဘနွန်တွင် တိုးချဲ့ထားသော အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုနှင့် ဆက်နွှယ်ကြောင်း အစ္စရေးမီဒီယာများက သုံးသပ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.