မြန်မာနှင့် လာအို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကျင်းပ



နေပြည်တော် ဇွန် ၁၂


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE နှင့် ဇနီးတို့သည် ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ် လာရောက်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးက လာအိုဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီးနှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပသည်။ (ယာပုံ)

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ကာလ ကြာရှည် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရှိရင်းစွဲ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုယန္တရားများ ပြန်လည်စတင်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းလိမ်လည်မှု များအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေး၊ အစိုးရချင်း၊ လွှတ်တော်ချင်း သာမက ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်ဆံမှုတိုးမြှင့်ရေး၊ ပညာရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ အလုပ်သမားနှင့် အားကစားကဏ္ဍ အပါအဝင် နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးကြသည်။


ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနှင့် လာအိုနိုင်ငံတို့တွင် အစိုးရသစ်များ အသီးသီး စတင်တာဝန်ယူ သည့် အချိန်ဖြစ်ကြောင်း၊ လာအိုနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဆင့် (LDCs) မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုများ အောင်မြင်စေရန် ဆုတောင်းပါကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် ထောက်ခံမှုပြသသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာနှင့် လာအိုတို့သည် အာဆီယံသို့ တစ်ချိန်တည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည့်နိုင်ငံများဖြစ်သည်နှင့်အညီ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအပေါ် အပြုသဘော ဆောင် ထောက်ခံရပ်တည်သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။


လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှု များကို အသိအမှတ်ပြုကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန် အဟုန်မြှင့်တင်သွားလိုကြောင်း၊ နယ်စပ်ဂိတ်များ အဆင့်မြှင့်တင်ခြင်းနှင့် နယ်စပ်ကုန်သွယ်မှု တိုးမြှင့်လိုပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အသင်းများမှ တစ်ဆင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်ဆံမှုများကို တိုးမြှင့်သွားမည်ဖြစ် ကြောင်း၊ အာဆီယံဆိုင်ရာကိစ္စရပ်များတွင် စည်းလုံးညီညွတ်မှုကိုအခြေခံ၍ မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအဆင့်နှင့် အာဆီယံ၊ GMS၊ CLMV နှင့် အခြားဒေသဆိုင်ရာ အဆင့်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။


မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် Park Royal ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

သတင်းစဉ်

No comments

Powered by Blogger.