ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှု ကြည့်ရှုအားပေး




နေပြည်တော် ဇွန် ၁၂

၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်တွင်ကျရောက်မည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်း များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ သွေးလှူဘဏ် ခန်းမဆောင်၌ ကျင်းပသည်။


ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဒုတိယဝန်ကြီးများသည် ကျန်းမာရေး ဝန်ထမ်းများက သွေးလှူဒါန်းကြမည့် ဝန်ထမ်းများ အား သွေးပေါင်ချိန်တိုင်း စစ်ဆေးမှု၊ သွေးအမျိုးအစား ခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာ အသုံးပြုမှတ်တမ်းတင်နေမှု၊ ခန်းမအတွင်း၌ ဝန်ထမ် များ သတ်မှတ်နေရာများအလိုက် စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးစကား ပြောကြားကြပြီး သွေးအလှူရှင်ဝန်ထမ်းများအား အာဟာရဖြည့်စွက် စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နေပြည်တော်ပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေကျပ် ၁၅ သိန်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.