ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
စစ်တွေ ဇွန် ၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်း (ဥယျာဉ်သာ)၊ အမှတ်(၉)အခြေခံပညာ အလယ်တန်းကျောင်း နာရီကန်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း နှင့် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း (သက္ကေ ပြင်ကုန်း)တို့၌ ကျောင်းသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထား ရှိမှု၊ စာသင်ခန်းများအားလုံး အမိုးအကာလုံခြုံရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်း သူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မောင်နီပြင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ သက္ကေပြင်ကျေးရွာ တိုက်နယ် ပြည်သူ့ဆေးရုံ၊ ဒါးပိုင်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနတို့၌ ကိုယ်ဝန်ဆောင် မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယင်းနောက် ဇောပူဂျာ- မောင် နီပြင် ကျေးရွာချင်းဆက်လမ်းပေါ် ရှိ ယာယီသံပေါင်ဘေလီတံတား ကြံ့ခိုင်မှုအခြေအနေ၊ နာရီကန် ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရွေးချယ်သတ် မှတ်ထားသည့် မြေနေရာ၊ သင်္ဂနက် ကျေးရွာသွားလမ်း ဖောက်လုပ်မည့်နေရာနှင့် စစ်တွေ မျိုးသန့်ခြံ၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်နေရာများ သတ်မှတ် ဆောင်ရွက်ထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments