ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရုံးခွဲသစ်တစ်ခု တိုကျိုမြို့တော်၌ ဖွင့်လှစ်



ဂျီနီဗာ ဇူလိုင် ၁၅

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်အတွက် တိုကျို မြို့တော် ၌ ရုံးခွဲသစ်တစ်ခုကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရုံးခွဲအသစ်၏ ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အားကောင်းစေရန်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ရုံးခွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများသည် ၎င်းတို့၏ ကျန်းမာရေးစနစ်အတွက် ငွေကြေးထောက်ပံ့မှု မလုံလောက်ခြင်းနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် တီဒရော့စ်အက်ဒါနွမ်ဂါ ဘရီယီယက်စ်က ဖွင့်ပွဲအခမ်းအနား၌   ဗီဒီယိုမိန့်ခွန်းပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါရုံးခွဲဖွင့်လှစ်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အတွက် အကူအညီများပေးရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ပိုမိုခိုင်မာသော ကျန်းမာရေးစနစ်တစ်ခု တည်ဆောက်ရန်အတွက် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံနှင့် အသိပညာများကို မျှဝေရန် အရေးကြီးကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ကီနီချီရို က ပြောကြားခဲ့သည်။

ဖွင့်လှစ်ခဲ့သည့် ရုံးခွဲအသစ်သည် ဂျပန်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြား ဆက်သွယ်ရေးအချက် အချာတစ်ခုအဖြစ် ခိုင်မာစွာ အမြစ်တွယ်လာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့်  ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ တည်ဆောက်ရာ တွင် လိုအပ်သည့် အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ကီနီချီရိုက ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခြင်းနှင့် အခြားအချက်များကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပံ့ပိုးမှုကျဆင်းလာခြင်းအပေါ် စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်။

ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် နည်းပညာများကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်   မျှဝေသွားမည်ဖြစ် ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး   ကီနီချီရိုက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.